ရွာငံမြို့နယ်အတွင်း နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်က စောစောစီစီး လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေ

ရွာငံမြို့နယ်အတွင်း နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်က စောစောစီစီး လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေ
ဧပြီ 22, 2022 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာတွင် ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၂၂)ရက်နေ့ နံနက်(၆)နာရီခွဲဝန်းကျင်က စပြီး လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် နွားဘန်းကြီးကျေးရွာအနီးရှိ ရှုခင်းသာ ဘုရားကုန်းပေါ်ကနေ အနောက်ဘက် တောင်ကြောထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသမီဒီယာဖြစ်သည့် Voice of Pindaya ၏ ဖော်ပြချက်အရ သိရသည်။

ဧပြီလ(၂၁)ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်သည် နွားဘန်းကြီး ကျေးရွာရှိ ကိုသက်ဦး  နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

ရွာငံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ရှင်းလင်းမည်ဟု ဆိုကာ နွားဘန်းကြီး ကျေးရွာအနီး ဝန်းကျင်များတွင် ဝင်ရောက် ရှာဖွေခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး နေအိမ်များပါ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်သည့်အပြင် ကျေးရွာတွင်းမှ ဒေသခံများကို PDF ဟု စွပ်စွဲကာ ဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများမှ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဆင်ခြင်တုံးမဲ့ ဖမ်းဆီးနှိပ်စက်မှု ဒဏ်ကို မခံနိုင်၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ (၃၀၀)ကျော်ရှိကြောင်း သိရသည်။

 

ဆက်စပ်သတင်း