COVID-19 ကူးစက်မှုများ စံချိန်တင် တွေ့ရှိရသော်လည်း ရှန်ဟိုင်းမြို့၏ နေရာအချို့တွင် Lockdown ဖြေလျှော့

COVID-19 ကူးစက်မှုများ စံချိန်တင် တွေ့ရှိရသော်လည်း ရှန်ဟိုင်းမြို့၏ နေရာအချို့တွင် Lockdown ဖြေလျှော့
By Mr John

တရုတ်နိုင်ငံ၏ စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင် တစ်ရက်အတွင်း COVID-19 ကူးစက်မှု ၂၅,၀၀၀ ကျော်  စံချိန်တင် တွေ့ရှိခဲ့ရသော်လည်း နေရာအချို့အတွက် အသွားအလာကန့်သတ်သည့် lockdown သတ်မှတ်ချက်များကို စတင်ဖြေလျှော့ပေးနေပြီဟု ဆိုသည်။ 

ရှန်ဟိုင်းမြို့ကို သီတင်းနှစ်ပတ်ကြာကျော်ကြာ lockdown လုပ်ထားခဲ့ပြီးနောက် ပုံမှန်ပြန်လည်ပတ်စေရန် အာဏာပိုင်တွေက ကြိုးပမ်းနေကြကြောင်း သိရသည်။

အသွားအလာကန့်သတ်ပြီး lockdown လုပ်ထားခဲ့တာကြောင့် အစားအစာနှင့် ဆေးဝါး ဝယ်ယူရန် အခက်အခဲဖြစ်ခဲ့ကြရာ တရုတ်၏ လူဦးရေအထူထပ်ဆုံးနှင့် ချမ်းသာကြွယ်ဝမှုအရှိဆုံး မြို့တစ်မြို့ဖြစ်သည့် ရှန်ဟိုင်းမြို့မှ မြို့ခံတွေကြား စိတ်ပျက်မှုတွေ တိုးလာနေပြီး အာဏာပိုင်တွေအတွက် ဖိအားများလာခဲ့သည်။ 

ရှန်ဟိုင်းတွင် လူနေရပ်ကွက်များကို ကူးစက်မှုအန္တရာယ် အမျိုးအစားသုံးမျိုးဖြင့် သတ်မှတ်ပြီး နှစ်ပတ်အတွင်း ကူးစက်မှုမရှိသည့် နေရာများတွင် နေထိုင်သူများကို သင့်တော်သည့် လှုပ်ရှားသွားလာမှု ခွင့်ပြုသွားမည်ဟု ဆိုသည်။

Lockdown ဖြေလျှော့သည့် နေရာများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဟု မြို့တော်အရာရှိ Gu Honghui က ပြောသည်။ ရှန်ဟိုင်းမြို့၏ လူဦးရေ (၂၅) သန်းအနက် လူဦးရေမည်မျှအတွက် lockdown သတ်မှတ်ချက် ချက်ချင်း ဖြေလျှော့မည်ကိုမူ အတိအကျ မသိရသေးကြောင်း Reuters သတင်းက ဖော်ပြသည်။

#TachileikNewsAgency

Source: Reuters

 

ဆက်စပ်သတင်း