တာချီလိတ် စည်ပင်မှ ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရသည့် CDM ဒုဦးစီးကို ၎င်းတိမ်းရှောင်သည့် ရပ်စောက်မြို့ရှိ နေအိမ်မှာ ပုံနှင့်တကွ လာရောက် ဖမ်းဆီးသော်လည်း ဖမ်းမမိ

တာချီလိတ် စည်ပင်မှ ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရသည့် CDM ဒုဦးစီးကို ၎င်းတိမ်းရှောင်သည့် ရပ်စောက်မြို့ရှိ နေအိမ်မှာ ပုံနှင့်တကွ လာရောက် ဖမ်းဆီးသော်လည်း ဖမ်းမမိ
ဖေဖော်ဝါရီ 27, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် CDM ပြုလုပ်ပြီး ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရ၍ ရပ်စောက်မြို့ရှိ နေအိမ်တွင် တိမ်းရှောင်နေသည်ဟု သတင်းအတိအကျရရှိထားသည့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေလှိုင်းကို စစ်ကောင်စီတပ်များက ပြည်နယ်အဆင့်၏ ခိုင်းစေချက်အရ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ညပိုင်းက လာရောက်ဖမ်းဆီးရာ ဦးဝေလှိုင်းကို ဖမ်းမမိကြောင်း သိရသည်။ 

စစ်ကောင်စီတပ် ဦးဆောင်ပြီး ကား(၇)စီး နှင့် လူအင်အား (၄၀)ဝန်းကျင်ဖြင့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ညပိုင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေလှိုင်း နေထိုင်နေသည့် ရပ်စောက်မြို့ရှိ နေအိမ်သို့ ရောက်ရှိလာပြီး ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ ဦးဝေလှိုင်း ရှိမရှိ ပြောဆို မေးမြန်းကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးကြီးတယ် အခုချက်ချင်း လမ်းဆုံကို လာခဲ့ပါလို့ပြောပြီး  ဟိုရောက်သွားတော့ ဖုန်းထဲကနေ ကိုဝေလှိုင်းရဲ့ ဓါတ်ပုံကိုပြပြီးတော့ ဒီလူအိမ်ကို သွားချင်တယ်။ လိုက်ပြပေးပါလို့ ပြောတယ်။ ကိုဝေလှိုင်းရဲ့ အိမ်ကိုရောက်တော့ ဧည့်စာရင်း စစ်ချင်တယ်လို့ပြောပြီး ကိုဝေလှိုင်းကို မတွေ့တော့ စစ်ပြီး ပြန်ထွက်သွားတာပဲ။

ဟု ရပ်စောက်မြို့နေ ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

စစ်ကောင်စီတပ်သားများက ၎င်းတို့ အလိုရှိသည့် ဦးဝေလှိုင်းမှာ နေအိမ်တွင်မရှိ၍ ပြန်သွားပြီး ရပ်ကွက်အတွင်းမှ အခြားအိမ် (၂)အိမ်ကိုလည်း ဝင်ရောက် စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်သွားသည်ဟု သိရသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနတွင် CDM လုပ်ဆောင်သူအများအပြားရှိခဲ့ပြီး CDM လုပ်ဆောင်သူများထဲတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေလှိုင်းသည် စည်ပင်ဝန်ထမ်းများ CDM ပြုလုပ်ရန် လှုံ့ဆော်မှု နှင့် Facebook ပေါ်တွင် ရေးသားမှုများကြောင့်ဟုဆိုကာ ပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၏ တဆင့် စေခိုင်းချက်အရ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေး(ယခုပြောင်းရွှေ့)က တရားလိုပြုလုပ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၅၁/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ကာ ၎င်းအား ရှာဖွေနေခြင်း ဖြစ်သည်။

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်  ပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် စည်ပင်ဝန်ထမ်းများထဲက (၂)ဦးဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)၏ ဌာနခွဲတာဝန်ခံဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကို နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေလှိုင်းတို့ကို ၅၀၅-က ဖြင့် အမှုဖွင့်ရန် တဆင့်ကြံစည်ခိုင်းစေပြီးနောက် ဦးအေးကိုမှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်ခံလိုက်ရပြီး ဦးဝေလှိုင်းကိုမှု စောင့်ကြည့်နေပြီး ရပ်စောက်နေအိမ်တွင် နေထိုင်ကြောင်း သိရှိရပြီးနောက် ပုံနှင့်တကွ ဖမ်းခိုင်းခြင်းဖြစ်သော်လည်း ဦးဝေလှိုင်းမှာ လွတ်မြောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေလှိုင်းသည် တာချီလိတ်မြို့တွင် တာဝန်ကျစဉ်ကာလအတွင်း အခြားဝန်ထမ်းများထက်  ဒေသအတွက် နေ့ရောညပါ တက်တက်ကြွကြွလုပ်ငန်းတာဝန်ထမ်းဆောင်သူဖြစ်သည်ဟု သိရသည်။