ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နေရာ ခဏခဏ ရွှေ့ပြောင်းနေရသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ လိုအပ်နေ

Photo: DMO-PDF
Photo: DMO-PDF
ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နေရာ ခဏခဏ ရွှေ့ပြောင်းနေရသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ လိုအပ်နေ
ဖေဖော်ဝါရီ 26, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများကြောင့် နေရာအကြိမ်ကြိမ်ရွှေ့ပြောင်းနေကြရသည့် စစ်ဘေးရှောင်များမှာ နေရာ ရွှေ့ပြောင်းရေးအတွက် အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးလိုအပ်ချက်များရှိနေ၍ ပြည်သူများကူညီပေးကြရန် ဒီးမော့ဆို PDF က ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် မေတ္တာရပ်ခံထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီးမော့ဆိုနှင့် နန်းမယ်ခုံမြို့တို့ကို  လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ဆက်တိုက် တိုက်ခိုက်နေရာတွင် အရပ်သား စစ်ဘေးရှောင် နေရာများပါ မရှောင် တိုက်ခိုက်နေသဖြင့် စစ်ဘေးရှောင်များမှာ အရေးပေါ်ရွှေ့ပြောင်းရေးအတွက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အကူအညီတောင်းမှုများလည်း ရှိနေကြောင်း သိရသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် အိုးအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည့်အပြင် လက်နက်ထိမှန်သေဆုံးခြင်း၊ ပြင်းထန်သည့်ဒဏ်ရာရရှိခြင်းများလည်း ရှိနေခြင်းဖြစ်သည်။

ဒီမောဆို PDF အနေဖြင့် အနီးဝန်းကျင်မှ စစ်ရှောင်ပြည်သူများအား ရွှေ့ပြောင်းနေရာချထားပေးပြီးဖြစ်သော်လည်း စစ်ရှောင်များအတွက် မိုးကာများ၊ စားနပ်ရိက္ခာများ၊ သောက်သုံးရေများ၊ အဝတ်အထည်များ၊ စောင်နှင့် ဆေးဝါးများလိုအပ်နေကြောင်း သိရသည်။

လေကြောင်းမှပါ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံနေရသည့် ပြည်သူများအတွက် ပြည်တွင်း၊ပြည်ပမှ တတ်နိုင်သမျှကူညီထောက်ပံ့ပေးကြရန်ကိုလည်း ဒီမော့ဆို PDF က မေတ္တာရပ်ခံထားပြီး လှူဒါန်းလိုသူများအနေဖြင့် ဒီမော့ဆို PDF  ၏ Facebook စာမျက်နှာဖြစ်သည့်   ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်ကနေ ဆက်သွယ်နိုင်ကြောင်း အသိပေးထားရှိသည်။