မိုးဗြဲတွင် တင့်ကားများဖြင့်ပါ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

မိုးဗြဲတွင် တင့်ကားများဖြင့်ပါ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးဗြဲမြို့သို့ တင့်ကားအားကိုးဖြင့် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နှင့် (၁၆) ရက်နေ့တို့တွင် တိုက်ပွဲပြင်းထန်ခဲ့ကြပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် လူနေရပ်ကွက်များကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မိုးဗြဲ PDF က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့က ရမ်းသမ်းပစ်ဖောက်ခြင်း၊ ပြည်သူ့နေအိမ်များပေါ်တွင် အဓမ္မဝင်ရောက်နေထိုင်ခြင်းများ ပြုလုပ်သည့်အပြင် မြို့ပေါ်နေရာများတွင်လည်း ကင်းပုန်းချကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များကို ရမ်းသမ်းပစ်ခတ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KNDF BO-3၊ KGZ အဖွဲ့တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ညနေ (၄) နာရီဝန်းကျင်အထိ ပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်သည် ညအချိန်ထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိပြီး အရေအတွက်ကို အတိအကျမသိရသေးသော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်များဘက်မှ ရဲဘော် (၂) ဦး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိုးဗြဲမြို့ စည်းကား(၃)ရပ်ကွက်ရှိ  နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် မိုးဗြဲနယ်နေရာ အတော်များများတွင် တပ်စွဲနေပြီး ထိုးစစ်ဆင်နိုင်သည့်အနေအထားကြောင့် တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့်  အမြန်ဆုံးပြောင်းရွေ့နေထိုင်ကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။