ဖမ်းဆီးခံထားရသည့် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံ အယ်ဒီတာအပါအဝင် (၄)ဦးကို ဧပြီလ(၈)ရက်နေ့ ရုံးထုတ်မည်

ဖမ်းဆီးခံထားရသည့် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံ အယ်ဒီတာအပါအဝင် (၄)ဦးကို ဧပြီလ(၈)ရက်နေ့ ရုံးထုတ်မည်
ဧပြီ 7, 2021 | ရှမ်းတောင်

ကမ္ဘောဇတိုင်းသတင်းဌာနမှ ဖမ်းဆီးခံထားရသည့် တာဝန်ခံ အယ်ဒီတာ အပါအဝင် (၄)ဦးကို ပထမအကြိမ်အဖြစ် ၂၀၂၁ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

 ကမ္ဘောဇတိုင်းသတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့်  နေအိမ်အစောင့်ဖြစ်သူ စိုင်းစည်သူတို့ကို ၂၀၂၁ခုနှစ် မတ်လ(၂၅)ရက်နေ့ ညပိုင်းက ဟိုပုံးမြို့ရှိ ကမ္ဘောဇတိုင်းသတင်းဌာန၏ ရုံးခွဲတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၎င်းတို့အား အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ရာဇသတ်ကြီး ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ထား သည်။ 

ကမ္ဘောဇတိုင်းသတင်းဌာနသည် လက်ရှိအချိန်ထိ တရားဝင်သတင်းမီဒီယာတစ်ခုဖြစ်ပြီး  လက်ရှိအခြေအနေအရ သတင်းသမား အားလုံးကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ကတည်းကပင် အလုပ်မှ နှုတ်ထွက်ခွင့်ပြုပြီး ဖြစ်ကြောင်းလည်း သိရသည်။