တောင်ကြီးမြို့မှ သတင်းထောက်ဟောင်းတစ်ဦးကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်

တောင်ကြီးမြို့မှ သတင်းထောက်ဟောင်းတစ်ဦးကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်
ဧပြီ 6, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ သတင်းထောက်ဟောင်းတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး (၉)လဝန်းကျင်အကြာတွင် ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်လိုက်ကြောင်း သိရသည်။

၅၁ (ဂ)နဲ့ ပါ၊ ဒီ​နေ့ပဲ အမိန့် ချပါတယ်။ (၁၀)နှစ်ပါ၊ ​​တောင်လေးလုံးမှာပါ။ တစ်သက်လုံး မဟုတ်တာ တစ်ခုမှ မလုပ်ခဲ့တဲ့ လူကို လက်ထိပ်နဲ့ မြင်ရ​တော့ ဝမ်းနည်းတယ်။

ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ဧပြီလ(၅)ရက်နေ့တွင် ပြောပြထားသည်ကို Kanbawza Tai News က ဖော်ပြထားရှိသည်။ 

ကိုခိုင်မြင့်ထွန်း (ခ) ရွှေလင်းသစ်အား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံများက  ၎င်း၏ နေအိမ်တွင် ဖမ်းဆီးပြီး ညောင်ရွှေအကျဉ်းထောင်၌ ချုပ်နှောင်ကာ (၉)လဝန်းကျင်အကြာဖြစ်သည့် ဧပြီလ(၅)ရက်နေ့တွင်  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)ဖြင့်  အမြင့်ဆုံး ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထောင်ဒဏ်(၁၀)နှစ်အထိ အမိန့်ချခံရသူမှာ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှ ကိုခိုင်မြင့်ထွန်း (ခ) ရွှေလင်းသစ်  ဖြစ်ပြီး ၎င်းသည် ၂၀၂၀ခုနှစ် စက်တင်ဘာလအတွင်းကစပြီး ရွှေတြိဂံသတင်းလွှာတွင် လုပ်ကိုင်ခဲ့သည့် သတင်းထောက်ဟု သိရသော်လည်း  ဖမ်းဆီးချိန်တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခြင်း ရှိ မရှိကိုတော့ အတည်မပြုနိုင်ပေ။

[ ဖော်ပြပါ သတင်းသည် Kanbawza Tai News ၏ သတင်းဖြစ်ပြီး Tachileik News Agency နှင့် Kanbawza Tai News တို့သည်  ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ (MASS)၏ အဖွဲ့ဝင် မဟာမိတ်သတင်းဌာနများ ဖြစ်သည်။ ]