တောင်ကြီးမြို့တွင် NLD နှင့် ပြည်သူ့ပါတီဝင်  အပါအဝင် အမျိုးသား (၄)ဦးကို ဖမ်းဆီးထားသည့် (၁၀)လအကြာတွင် ထောင်ဒဏ် (၂)နှစ်စီ ချမှတ်

တောင်ကြီးမြို့တွင် NLD နှင့် ပြည်သူ့ပါတီဝင်  အပါအဝင် အမျိုးသား (၄)ဦးကို ဖမ်းဆီးထားသည့် (၁၀)လအကြာတွင် ထောင်ဒဏ် (၂)နှစ်စီ ချမှတ်
ဒီဇင်ဘာ 16, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် အာဏာသိမ်းအဖွဲ့က (၁၀)လအကြာဖမ်းဆီးပြီး ထောင်တွင်းအကျဉ်ချထားသည့်   NLD နှင့် ပြည်သူ့ပါတီတို့မှ ပါတီဝင်(၃) ဦးနှင့် နိုင်/ကျဉ်း (၁) ဦးတို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ထောင်တွင်းတရားရုံးဖြင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်လိုက်ကြောင်း Kanbawza Tai News ၏ ဖေါ်ပြချက်အရ သိရသည်။

အာဏာသိမ်းအဖွဲ့က စွပ်စွဲဖမ်းဆီးထားသည့် NLD ရပ်ကျေးဥက္ကဌ ဦးဖြူ၊ နိုင်ကျဉ်း ဦးမြင့်ဌေး၊ NLD ခရိုင်အတွင်းရေးမှူး ဦးညီညီရွှေနှင့် ပြည်သူ့ပါတီမှ ဦးဝင်းကိုကို တို့အား ၎င်းတို့စွပ်စွဲထားသည့် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ပုဒ်မ ၅၀၅ က တို့ဖြင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့က  ရှမ်းပြည်နိုင်ငံ​ရေး အကျဥ်းသား​ဟောင်းများ အဖွဲ့မှ ဦးမြင့်​ဌေး (ခ)ကိုဘယ်​ကျော် ကို ဖေဖော်ဝါရီလ (၉) ရက်နေ့တွင်လည်းကောင်း၊ ပြည်သူ့ပါတီ၏ ရှမ်းပြည်နယ်အတွင်းရေးမှူး ဦးဝင်းကိုကို ပြည်သူ့ပါတီမှ ဦးဝင်းကိုကို အား ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် အေးသာယာမြို့သစ်ရှိ နေအိမ်တွင် လည်းကောင်း၊ ၈၈ မျိုးဆက် ကျောင်းသား​ဟောင်း  NLD ပါတီ၏ ​တောင်ကြီးခရိုင် အလုပ်အမှု​​ဆောင်အဖွဲ့ အတွင်း​ရေးမှူးဖြစ်သူ ဦးညီညီရွှေအား ဖေဖော်ဝါရီ (၂၀)ရက်၊ ည (၈)နာရီခွဲအချိန်ဝန်းကျင်က တောင်ကြီးမြို့ အထက (၁) ကျောင်းအနီးရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ထိုင်နေစဉ်တွင် လည်းကောင်း  ဖမ်းဆီးကာ ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)တွင် ထားရှိခြင်းဖြစ်သည်။

 

တောင်လေးလုံးထောင်မှ ထောင်တွင်းတရားရုံးက ဒီဇင်ဘာလ (၁၀)ရက်နေ့ကလည်း ပုဒ်မ ၅၀၅ က ဖြင့် အာဏာသိမ်းအဖွဲ့က စွဲဆိုခံရသည့် Kanbawza Tai News မှ (၄)ဦး အပါအဝင် စုစုပေါင်း (၉) ဦးကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ထားခဲ့ခြင်းဖြစ်သည်။