ကနီတွင် အာဏာသိမ်းစစ်တပ်၊ ပျူစောထီးအဖွဲ့နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်

ကနီတွင် အာဏာသိမ်းစစ်တပ်၊ ပျူစောထီးအဖွဲ့နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်
ဒီဇင်ဘာ 16, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ယနေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်၏ ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်ရေယာဉ်အုပ်စုအတွက် မြစ်ဘေးတလျှောက် ကုန်းကြောင်းနယ်မြေ ရှင်းလင်းရေးလုပ်သည့် အာဏာသိမ်းစစ်တပ်၊ ပျူစောထီးပူးပေါင်းအဖွဲ့နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည်ဟု သိရသည်။

ချင်းတွင်းမြစ်ကြောင်းတလျှောက် ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်တပ်၏ ရေယာဉ်အုပ်စုကို ကနီမြို့နယ်အတွင်းရှိ ညီနောင်မဟာမိတ်များဖြစ်သည့် KLG PDF ၊  MPDF၊  M&K The Boys၊ Golden  Triangle Forces ၊ DRPA ၊ CHU PDF နှင့် Daung Ni PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ကြသည်ဟု ကနီ PDF က သတင်းထုတ်ပြန်ထားသည်။

လက်နက်၊ အင်အားသာလွန်သည့် အာဏာသိမ်းတပ်၏ ကျောက်စိမ်းသယ်ရေယာဉ်အုပ်စုနှင့် ကမ်းပေါ်မှ တိုက်ခိုက်နေသည့် အဖွဲ့များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒီဇင်ဘာလ (၁၀) ရက်နေ့ကတည်းက တောက်လျှောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်လုပ် ရေမြုပ်မိုင်းများပါအသုံးပြုခဲ့ကြသည်ကို တွေ့ရသည်။