အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လျှပ်စစ်ရထားကိစ္စ အမြဲပြောနေသော်လည်း တကယ်တမ်းမှာ လျှပ်စစ်မီးကို မျှဝေသုံးစွဲနေရ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လျှပ်စစ်ရထားကိစ္စ အမြဲပြောနေသော်လည်း တကယ်တမ်းမှာ လျှပ်စစ်မီးကို မျှဝေသုံးစွဲနေရ
နိုဝင်ဘာ 24, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့မှ ဒီဇင်ဘာလ(၁၈)ရက်နေ့အထိ အချို့သော ကြားရက်များတွင် လျှပ်စစ်ဓါတ်အား မျှဝေသုံးစွဲရေးအစီအစဉ်အဖြစ် သတ်မှတ်နေ့များ၌ ည(၆)နာရီမှ ည(၈)နာရီအထိ အချိန်(၂)နာရီအကြာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်မည်ဟု ကလော လျှပ်စစ်ဌာနက ကြိုတင် အသိပေးထားကြောင်း သိရသည်။

ကလောမြို့နယ်အနေဖြင့် နိုဝင်ဘာလ၏ (၂၄)ရက်နှင့် (၃၀)ရက်၊ ဒီဇင်ဘာလ၏ (၆)ရက်၊ (၁၂)ရက် နှင့် (၁၈)ရက်နေ့များတွင် ည(၆)နာရီမှ ည(၈)နာရီအထိ အချိန်(၂)နာရီအကြာ  လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ဟု ကြိုတင်အသိပေးထားခြင်း ဖြစ်သည်။

အလားတူ တိုင်းနှင့်ပြည်နယ်များတွင်လည်း မြို့အလိုက် သတ်မှတ်နေ့များတွင်  ည(၆)နာရီမှ ည(၈)နာရီအထိ အချိန်(၂)နာရီအကြာ လျှပ်စစ်မီးဖြတ်တောက်ပြီး ခွဲဝေသုံးစွဲရမည်ဖြစ်ကြောင်းကို နိုဝင်ဘာလ(၁၉)ရက်နေ့ကလည်း စာထုတ်ကာ အသိပေးထားသည်ကို တွေ့ရသည်။

မဟာဓါတ်အားလိုင်း 230kv လောပိတ - တောင်ငူဓါတ်အားလိုင်း နှင့် 230Kv လောပိတ - ရွှေမြို့ ဓာတ်အားလိုင်းမှ တာဝါတိုင် (၆)တိုင်ကို အရေးပေါ်ပြုပြင်ရန်အတွက်ဟုဆိုကာ  လျှပ်စစ်ဓါတ်အား မျှဝေသုံးစွဲရေးအစီအစဉ်ကို (၁)လ သတ်မှတ်ထားသည်ဟု သိရသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လျှပ်စစ်ရထား အမြန်ဆုံး အကောင်ထည်ဖော်ရေးအတွက် ရောက်သည့်နေရာတိုင်း အမြဲ ပြောနေသော်လည်း တကယ့် လက်တွေ့မှာ လျှပ်စစ်ဓါတ်အားကို တစ်နိုင်ငံလုံးအနေဖြင့် မျှဝေသုံးစွဲနေရသည်။