ဟိုပုံးမြို့လယ် ကျောက်တိုင်ကွင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ် ထောက်ခံပွဲ နှင့် အားကစားပွဲကို အပြင်လူ ဝင်ခွင့်မပေးဘဲ "ပဲကတုံး" များဖြင့် ကျင်းပ

ဟိုပုံးမြို့လယ် ကျောက်တိုင်ကွင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ် ထောက်ခံပွဲ နှင့် အားကစားပွဲကို အပြင်လူ ဝင်ခွင့်မပေးဘဲ "ပဲကတုံး" များဖြင့် ကျင်းပ
ဇန်နဝါရီ 31, 2022 | ရှမ်းတောင်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ နံနက်ပိုင်း (၉)နာရီဝန်းကျင်မှစ၍ တပ်ထောက်ခံပွဲနှင့် အားကစားပွဲကို ပြင်ပလူ ဝင်ခွင့်မပြုဘဲ ကျင်းပခဲ့ကြပြီး ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဟု သိရသည်။

ပဲကတုံး (စစ်တပ်မှ နည်းပညာသင်တန်းသားများအား ဒေသလူများအခေါ်)တွေ ချည်းပဲ။ မြို့လယ်ခေါင်က လွတ်လပ်ရေးကျောက်တိုင်ကွင်းထဲ ထောက်ခံပွဲ လုပ်ကြတာတဲ့။ အပြင်လူ ပေးမဝင်ဘူး။ သူများလို စီတန်းလှည့်လည်တာ မဟုတ်ဘူး။ ကွင်းထဲမှာ ဗီနိုင်းတွေကိုင်ပြီး ထောက်ခံကြတာတဲ့။ ဗီနိုင်းက ဘာတွေရေးထားလဲတော့ မသိဘူး။ ပြီးတော့ ခြင်းလုံး၊ ဘောလီဘော၊ ဘောလုံးကို ကလေးပွဲရော၊ လူကြီးပွဲရော လုပ်ကြတယ်။ မနက်ဖြန်လည်း လုပ်မယ်ကြားတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာသိမ်းမှု နှစ်ပတ်လည်ဖြစ်၍ အသံတိတ်သပိတ် ပြုလုပ်ကြမည်ကို တန်ပြန်လုပ်ဆောင်သည့်အနေဖြင့် အာဏာသိမ်းစစ်ကောင်စီက လူများလမ်းပေါ်ရှိနေစေရန် နည်းလမ်းမျိုးစုံသုံး၍ ကြိုးပမ်းနေခြင်းဖြစ်ပြီး ၎င်းတို့၏ လူများဖြင့် တပ်ထောက်ခံပွဲများ လုပ်နေကြသည်ကို တွေ့ရသည်။