အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပူးပေါင်းသည့် PNO/PNA ၏ လုပ်ဆောင်ချက်များသည် ပအိုဝ်းတမျိုးသားလုံးနှင့် မသက်ဆိုင်ကြောင်း သဘောထားချက်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပူးပေါင်းသည့် PNO/PNA ၏ လုပ်ဆောင်ချက်များသည် ပအိုဝ်းတမျိုးသားလုံးနှင့် မသက်ဆိုင်ကြောင်း သဘောထားချက်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် PNO/PNA ၏ လုပ်ဆောင်ချက်များသည် ပအိုဝ်းတမျိုးသားလုံးနှင့် မသက်ဆိုင်ကြောင်း ပြည်တွင်း ပြည်ပ ပအိုဝ်းအဖွဲ့အစည်းများက သဘောထားချက်ထုတ်ပြန်ကို ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၈)ရက်နေ့တွင် ထုတ်ပြန်လာသည်။

 

PNO/PNA အနေဖြင့် စစ်အာဏာစနစ်ကျဆုံးရေးအတွက် လူထုနှင့်အတူတော်လှန်ရမည့် အချိန်ဖြစ်သော်လည်း စစ်ကောင်စီအား တော်လှန်ခြင်းမရှိဘဲ လူထုကာကွယ်ရေးတပ်များဖြစ်သည့် PDF များ နှင့် KNDF တို့အား နယ်မြေကျူးကျော်သည်ဟုဆိုကာ စစ်ကောင်စီနှင့် ပူးပေါင်းပြီး ထိုးစစ်ဆင်မှုများအား  ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

အာဏာသိမ်းစစ်ကောင်စီမှ ပအိုဝ်းဒေသတွင် တပ်စွဲထားပြီး စစ်အာဏာရှင်တည်မြဲရေးအတွက် ပုံစံမျိုးစုံဖြင့် သွေးခွဲ စီမံအုပ်ချုပ်ပြီး လူထုကာကွယ်ရေးတပ်များအား ထိုးစစ်ဆင်နေသည့် လုပ်ဆောင်ချက်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း နှင့်  ဖက်ဒရယ်ဒီမိုကရေစီ စနစ်အတွက် တော်လှန်နေသည့် မည်သည့် လူမျိုးအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်း ပြည်ပ ပအိုဝ်း လူမှုအဖွဲ့အစည်း (၁၁)ဖွဲ့က အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြားဖြစ်သည့် လွယ်ဟွဲကျေးရွာ နှင့် ပင်ပုံကျေးရွာအကြားတွင် ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့ က ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်၍   ၎င်းတို့ဘက်က နယ်မြေကျူးကျော်ခြင်း မဟုတ်ဘဲ KNDF ဘက်က နယ်မြေကျူးဝင်ရောက်လာ၍ ကာကွယ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာန)က ဩဂုတ်လ(၁၇)ရက်‌နေ့ ရက်စွဲဖြင့် ပြန်လည်ငြင်းဆိုသည့် သဘောထားချက်ကို ထုတ်ပြန်ထားသလို PDF ဘက်ကလည်း တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းမှာ ဖယ်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်များထံသို့ အာဏာသိမ်းစစ်ကောင်စီတပ် နှင့် PNO ပူးတွဲစစ်ကြောင်းက ဝင်ရောက်ကျူးကျော်ရန်မူပြီး စတင်တိုက်ခိုက်လာသည့်အတွက် ကရင်နီတပ်မတော်(KA)နှင့်ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဖယ်ခုံ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒီးမော့ဆို)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မိုးဗြဲ)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဩဂုတ်လ(၁၅)ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

#TachileikNewsAgency