ဒီးမော့ဆို နှင့် လွိုင်ကော်မြို့နယ်များ၌ ဖြစ်ပွားသည့် တစ်နေ့တာတိုက်ပွဲ (၄)ကြိမ် အတွင်း အာဏာသိမ်းတပ်ဘက်က (၅)ဦးသေ

Photo: KNDF
Photo: KNDF
ဒီးမော့ဆို နှင့် လွိုင်ကော်မြို့နယ်များ၌ ဖြစ်ပွားသည့် တစ်နေ့တာတိုက်ပွဲ (၄)ကြိမ် အတွင်း အာဏာသိမ်းတပ်ဘက်က (၅)ဦးသေ
နိုဝင်ဘာ 23, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်များ၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့ တစ်နေ့တာအတွင်း ဖြစ်ပွားသည့် တိုက်ပွဲ (၄)ကြိမ်အတွင်း အာဏာသိမ်းတပ်ဘက်မှ (၅)ဦးသေကာ တပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)ပူးပေါင်းအဖွဲ့ဘက်မှ (၁)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီး၊ စံပြ (၆)မိုင်နှင့် ဒေါပိုးစီကျေးရွာတို့တွင် ယနေ့ နံနက်အစောပိုင်းနှင့် ညနေပိုင်း တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့တစ်နေ့တာအတွင်း ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲစုစုပေါင်း (၄) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေါပိုးစီကျေးရွာအတွင်း ယနေ့ နံက် (၇) နာရီဝန်းကျင် အာဏာသိမ်းစစ်တပ်ကို   ကရင်နီ တပ်မတော် (KA) နှင့် KNDF က ခုခံတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ (၂) ဦးသေ၊ (၅) ဦးဒဏ်ရာရသွားပြီး ညနေပိုင်း (၃)နာရီကျော်တွင် ပန်ကန်းရပ်ကွက် ဘုန်းကြီးကျောင်းအနီး တပ်စွဲထားသော အာဏာသိမ်းတပ်နှင့် တိုက်ပွဲတွင် အာဏာသိမ်းတပ်ဘက်မှ (၁)ဦးသေသွားကြောင်း သိရသည်။



ယင်းအပြင် ညနေ (၅)နာရီဝန်းကျင်၌ (၅) မိုင်နှင့် (၆) မိုင်အနီး သင်္ချိုင်းတွင်ဖြစ်ပွားသည့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် အာဏာသိမ်းတပ်ဘက်မှ (၂)ဦး ဒဏ်ရာရသွားကာ ပြည်သူ့တော်လှန်ရေးအဖွဲ့ဘက်က (၁) ဦး ဒဏ်ရာရသွားကြောင်း သိရသည်။



ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင် ယနေ့ ညနေ (၃) နာရီဝန်းကျင်က နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၂)ဦး အာပီဂျီ ထိမှန်ပြီး သေဆုံးခဲ့ရာ ယနေ့ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ စုစုပေါင်း (၅) ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရသွားသည်ဟု KNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။