အသံတိတ်သပိတ် ပြုလုပ်မည့် တရုတ်နှစ်သစ်ကူးနေ့တွင် ဆိုင်ပိတ်ချင်နေသည့် တရုတ်လူမျိုး လုပ်ငန်းရှင်နှင့် ဈေးသည်များ စစ်ကောင်စီအဖွဲ့၏ ဖိအားပေးမှုကြောင့် အခက်တွေ့နေ

အသံတိတ်သပိတ် ပြုလုပ်မည့် တရုတ်နှစ်သစ်ကူးနေ့တွင် ဆိုင်ပိတ်ချင်နေသည့် တရုတ်လူမျိုး လုပ်ငန်းရှင်နှင့် ဈေးသည်များ စစ်ကောင်စီအဖွဲ့၏ ဖိအားပေးမှုကြောင့် အခက်တွေ့နေ
ဇန်နဝါရီ 27, 2022 | ရှမ်းတောင်

ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်ကြမည်ကို စိုးရိမ်နေသည့် အာဏာသိမ်းစစ်ကောင်စီက  ယင်းနေ့တွင် ပိတ်သည့်ဆိုင်များကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ခြိမ်းခြောက်၊ ဖမ်းဆီးနေမှုများကြောင့်  တရုတ်နှစ်သစ်ကူးဆင်နွှဲရမည့် တရုတ်ဆိုင်ရှင်များပါ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

အာဏာသိမ်းခံရသည့် နှစ်ပတ်လည်နေ့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် တရုတ်နှစ်သစ်ကူးကျရောက်ရာ နှစ်ကူးအတွက် ဆိုင်၊ အလုပ် ပိတ်ကြမည့် တရုတ်လုပ်ငန်းရှင်များမှာ အသံတိတ်သပိတ်ကို ကြောက်လန့်တကြားဖြစ်နေသည့် အာဏာသိမ်းအဖွဲ့ကြောင့် ဆိုင်၊အလုပ် ပိတ်ရန် အခက်အခဲ ဖြစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ(၁)ရက်နေ့က တရုတ်နှစ်သစ်ကူးနေ့လည်း ဖြစ်နေတယ်။ နှစ်တိုင်းက တရုတ်နှစ်ကူးဆိုရင် ဆိုင်ပိတ်တယ်။ အခု လာမယ့် နှစ်သစ်ကူးမှာ ဆိုင်မပိတ်ရဘူးလို့ ရဲနဲ့စည်ပင်က ပြောပြီး လက်မှတ်လာထိုးခိုင်းထားတယ်။

ဟု  တောင်ကြီးမှ တရုတ်လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်း၏ လက်အောက်ရှိ ဌာနအသီးသီးကို မိမိတို့ဒေသအလိုက် ဆိုင်၊လုပ်ငန်းများကို အသံတိတ်သပိတ်နေ့တွင် မပိတ်ကြရန်နှင့် အသံတိတ်သပိတ်နေ့တွင် ပိတ်မည့်ဆိုင်၊ လုပ်ငန်းများကို  စောင့်ကြည့်ကြရန် ညွန်ကြားလုပ်ဆောင်နေပြီး လက်ရှိတွင်လည်း အသံတိတ်သပိတ်လုပ်ရန် လူမှုကွန်ယက်တွင် ရေးသားသူ၊ ယင်းနေ့တွင် ဆိုင်ပိတ်မည်ဟု ရေးသားသူများကို ဖမ်းဆီးနေသည်ကိုလည်း တွေ့နေရသည်။

သူတို့တွေ မနေ့ကစပြီး လက်မှတ်လိုက်ထိုးခိုင်းနေတယ်။ အဲဒီနေ့ရောက်ရင် ဆိုင်မပိတ်ဖို့၊ ပိတ်ရင် အရေးယူခံရမယ်ဆိုပြီးတော့ပေါ့၊ ကျွန်မတို့က နှစ်စဉ် တရုတ်နှစ်ကူးနေ့ဆို ဆိုင်ပိတ်တယ်။ အခု ပိတ်ရင် အရေးယူခံရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ ရဲကတစ်မျိုး၊ စည်ပင်က တစ်မျိုး၊ စစ်တပ်က တမျိုးနဲ့

ဟု တာချီလိတ်မှ တရုတ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အာဏာသိမ်းအဖွဲ့၏ မတရားခြိမ်းခြောက်မှုများကြောင့် မိမိတို့ ကိုယ်ရေးကိုယ်တာကြောင့် ဆိုင်ပိတ်လိုသူများပါ အခက်တွေ့နေကြရသည်ဟု သိရသည်။

ကျွန်မကတော့ တရုတ်မဟုတ်ဘူး။ ဒါပေမဲ့ သွားစရာရှိနေတာကို အခုက ဆိုင်ကမဖွင့်လို့မဖြစ် လုပ်နေတာ။  ကိုယ့်ဆိုင်ကို ပိတ်ချင်ပိတ်၊  ဖွင့်ချင်ဖွင့်တောင် လုပ်မရတော့တာ။ အခွင့်အရေးတွေလည်း ပျောက်ဆုံးနေပြီ

ဟု လားရှိုးမြို့မှ ဈေးသည်တစ်ဦးက ပြောသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းခံထားရသည့် (၁)နှစ်ပြည့်အဖြစ် စစ်အာဏာသိမ်းမှုဆန့်ကျင်လိုသူများ  နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိအချိန်အတွင်း အပြင်ထွက်သွားလာခြင်းမပြုဘဲ အသံတိတ်ဆန္ဒပြကြရန် လှုံ့ဆော်မှုများလုပ်နေကြရာ အာဏာသိမ်းအဖွဲ့က ယင်းနေ့တွင် ဆိုင်များ၊အလုပ်များ မဖြစ်မနေဖွင့်ကြရန်နှင့် မဖွင့်ပါက ပြင်းထန်စွာအရေးယူမည်ဟု အတင်းအကြပ်ဖိအားပေးနေခဲ့ခြင်းဖြစ်သည်။

အဲဒီနေ့မှာ ဆိုင်မဖွင့်မနေရဆိုတော့ ဆိုင်တော့ဖွင့်ထားမှာပဲ။ ဒါပေမဲ့ အားလုံးသတ်မှတ်ချိန်အတွင်း လာမဝယ်ကြနဲ့ပေါ့။  သတ်မှတ်ချိန်အတွင်း အပြင်မထွက်ဘဲနေကြရင် အောင်မြင်တာပါပဲ။

ဟု ဆိုင်ရှင်တစ်ဦးက ဆိုသည်။

အသံတိတ်သပိတ်နေ့တွင် ဆိုင်မဖွင့်ပါက  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲ ဥပဒေ များအရ အရေးယူခံရနိုင်သည်ဟု အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။

အသံတိတ်သပိတ်ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ အချိန်(၆)နာရီသာ လုပ်ဆောင်မည်ဖြစ်သည့်အတွက် ပြည်သူများ နေအိမ်ကနေ လမ်းပေါ်  မထွက်ခြင်းဖြင့် ပါဝင်ကြရန် ပြည်သူမှ ပြည်သူသို့ နှိုးဆော်ထားခြင်း ဖြစ်သည်။