အရာတော်မြို့နယ်အတွင်း ကျေးရွာ(၂)ခုအကြားအတွင် အာဏာသိမ်းစစ်တပ် နှင့် ရဲတို့၏ ယာဉ်တန်းကို တော်လှန်ရေးအင်အားစု ဗုံးဆွဲတိုက်ခိုက်

အရာတော်မြို့နယ်အတွင်း ကျေးရွာ(၂)ခုအကြားအတွင် အာဏာသိမ်းစစ်တပ် နှင့် ရဲတို့၏ ယာဉ်တန်းကို တော်လှန်ရေးအင်အားစု ဗုံးဆွဲတိုက်ခိုက်
အောက်တိုဘာ 12, 2021 | အခြားဒေသများ

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း အရာတော်မြို့နယ် မြောက်လက် ပါရမီကျေးရွာ နှင့် ကြာပင်လှကျေးရွာအကြားတွင် အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA)က ယနေ့ အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်မှု (၂)ကြိမ်ပြုုလုပ်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က ဒဏ်ရာရသွားသည်အထိ ရှိကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း ပါရမီကျေးရွာ နှင့် ကြာပင်လှကြားတွင် ယနေ့ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်က ဖြတ်သန်းသွားသည့် ရဲအရာရှိပါ ပေါင်မုန့်ကားတစ်စီးနှင့်ဆိုင်ကယ်များကို ARA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တမ်းမှာ အရာတော်ဘက်သို့ ပြန်လည်မောင်းပြေးသွားကြောင်း သိရသည်။

နံနက်(၇)နာရီဝန်းကျင်အချိန်ကလည်း ဒိုင်နာကား အပါအဝင် သုံးဘီးတို့ဖြင့် ဖြတ်သန်းလာသည့် အာဏာသိမ်းစစ်တပ်၏ စစ်သားများကိုလည်း မိုင်းဆွဲတိုက်ခိုက်ရာ ဒိုင်နာကားပေါ်တွင်ပါလာသည့် စစ်သားများမှာ ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ယာဉ်တန်းမှာ နေရာတွင် ရပ်တန့်ပြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ဆက်လက်ထွက်ခွာသွားသည်ဟု ဒေသအခြေပြု အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးထားရှိသည်။ 

အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အာဏာသိမ်းစစ်တပ် ယာဉ်တန်းများဖြင့် လှည့်လည်သွားလာနေပြီး အချို့ရွာများအတွင်းသို့ ဝင်ရောက်ကာ ရှာဖွေမှုများ၊ ဖျက်ဆီးမှုများ လုပ်ဆောင်ကြောင်း သိရသည်။