စစ်ရေးဆိုင်ရာရပ်စဲကြောင်း ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က MNDAA ၏ တပ်စခန်းများ ပတ်လည်တွင် အင်အားဖြည့်နေပြီး တိုက်လေယာဉ်ပျံဝဲမှုများလုပ်ဆောင်နေ

စစ်ရေးဆိုင်ရာရပ်စဲကြောင်း ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က MNDAA ၏ တပ်စခန်းများ ပတ်လည်တွင် အင်အားဖြည့်နေပြီး တိုက်လေယာဉ်ပျံဝဲမှုများလုပ်ဆောင်နေ
စက်တင်ဘာ 29, 2021 | ရှမ်းမြောက်

စစ်ရေးဆိုင်ရာရပ်စဲကြောင်း ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က MNDAA ၏ တပ်စခန်းများပတ်လည်တွင် အင်အားဖြည့်နေပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့ကလည်း တိုက်လေယာဉ် ပျံဝဲမှုများရှိနေသည်ဟု သိရသည်။



အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ယခုရက်ပိုင်းများအတွင်း အထူးဒေသ (၁) မုံးကိုးခရိုင်၊ ကိုးကန့်ခရိုင်နှင့် သိန်နီခရိုင်အတွင်းရှိ MNDAA ၏တပ်စခန်းများကို အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်အင်အားများကိုလည်း ဆက်လက်ဖြည့်တင်းနေသည်ဟု ဒေသအခြေစိုက် The Kokang သတင်းက ဖေါ်ပြသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ စစ်ကား (၇)စီးပါသည့် ယာဉ်တန်းသည် စက်တင်ဘာလ (၂၇) ရက်နေ့က လားရှိုး- သိန်းနီ ပြည်ထောင်စုလမ်းမကြားရှိ ကုန်းသာလမ်းသွယ်နှင့် ကိုးကန့်ခရိုင် ရှင်းထန်ရွာအုပ်စု ပေါ်ပေါ်ကျေးရွာတို့တွင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့်အပြင် မုံးကိုးဒေသရှိ MNDAA ၏ တပ်စခန်းအနီးရောက်လာသဖြင့်  အချိန်တိုတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

  

ယင်းနောက် ကွန်းလုံမြို့နယ်တွင် အခြေချ စစ်ကောင်စီတပ်က သိန်နီခရိုင် ကုန်းသာလမ်းသွယ်နှင့် လှိုင်ဟူဘုရားကျောင်းတွင် အခြေချသော MNDAA တပ်စခန်းများကို စက်တင်ဘာလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့များတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင်  ကိုးကန့်ခရိုင်တွင်လည်း ရှင်းထန်ရွာအုပ်စု၊ ပေါ်ပေါ်ကျေးရွာကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် MNDAA ၏ တပ်စခန်းရှိရာဒေသများသို့ စစ်အင်အားအများအပြားတိုးချဲ့လာပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည်ဟု ခန့်မှန်းထားကြသည်။