ကျောက်မဲမြို့တွင် Mytel တာဝါတိုင်၏ စက်ခန်းများ ဖောက်ခွဲခံရပြီးနောက်  စစ်တပ်နှင့်ရဲက နေအိမ်များသို့ ညတွင်းချင်း လိုက်လံ ရှာဖွေ

ကျောက်မဲမြို့တွင် Mytel တာဝါတိုင်၏ စက်ခန်းများ ဖောက်ခွဲခံရပြီးနောက်  စစ်တပ်နှင့်ရဲက နေအိမ်များသို့ ညတွင်းချင်း လိုက်လံ ရှာဖွေ
စက်တင်ဘာ 21, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်တွင် စက်တင်ဘာ ( ၂၀ )ရက် ညနေပိုင်းက မိုင်တယ်လ် တာဝါတိုင် ၂ တိုင်၏ ဆက်သွယ်ရေးပုံးများ ဖေါက်ခွဲဖျက်ဆီးခံရပြီးနောက် Mytel ဖိုင်ဘာဝိုင်ဖိုင်များ ပြတ်တောက်ခဲ့ပြီး ညပိုင်း၌ စစ်ကောင်စီက လူနေအိမ်များအတွင်းဝင်ရောက်ရှာဖွေခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

အရင် ကတည်းက ပုဒ်မ ၅၀၅ တပ်ခံရပြီး ရှောင်နေရတဲ့သူတွေရဲ့အိမ်တွေကိုပါ ဝင်ရှာတယ်၊ အိမ်တွေက လူမရှိလဲ တံခါးဖျက်ပြီး ဝင်ရှာတယ်၊ ပစ္စည်းတွေဘာတွေလဲ အဲ့လိုအိမ်ကနေယူပြီး စစ်ကားပေါ်တင်ပြီးယူသွားတာ တွေ့တယ်၊ မနက် (၂)နာရီခွဲလောက်ထိ လူနေရပ်ကွက်တွေထဲ ဝင်ပြီး လိုက်ရှာနေတာ

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၂၁)ရက်နေ့တွင် ပြောသည်။

 

 

စက်တင်ဘာ (၂၀)ရက် ည (၆)နာရီဝန်းကျင်က ကျောက်မဲမြို့ အမှတ် ( ၁ )ရပ်ကွက်၊ သီဟိုဠ်တောင်ပေါ်ရှိ Mytel တာဝါတိုင်တစ်တိုင် နှင့် လမ်းခွဲရပ်ရှိ Mytel တာဝါတိုင်တစ်တိုင်၏ ဆက်သွယ်ရေးပုံးများကို အမည်မသိရသည့် အဖွဲ့က  ဖေါက်ခွဲသွားခြင်းဖြစ်ကာ Mytel ဖိုင်ဘာဝိုင်ဖိုင်များလဲ ပြတ်သွားသည့်အတွက် ပြင်ဆင်ရေးအဖွဲ့ ကို သီပေါမြို့သို့ လှမ်းခေါ်ထားသည်ဟု သိရသည်။