စစ်တပ်မှ အာဏာသိမ်းထားသည့် ရက်ပေါင်း (၂၃၀)အတွင်း ကယားပြည်နယ်တွင် တိုက်ပွဲ(၇၃)ကြိမ်ဖြစ်ပွားကာ သေဆုံးပြည်သူ(၉၃)ဦးရှိပြီး (၁၂၀)ကျော် ဖမ်းဆီးခံထားရ

စစ်တပ်မှ အာဏာသိမ်းထားသည့် ရက်ပေါင်း (၂၃၀)အတွင်း ကယားပြည်နယ်တွင် တိုက်ပွဲ(၇၃)ကြိမ်ဖြစ်ပွားကာ သေဆုံးပြည်သူ(၉၃)ဦးရှိပြီး (၁၂၀)ကျော် ဖမ်းဆီးခံထားရ
စက်တင်ဘာ 18, 2021 | ကယား

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း(၂၃၀)အတွင်း ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲပေါင်း (၇၃)ကြိမ်ဖြစ်ပွားပြီး ပြည်သူ(၉၃)ဦးသေဆုံးခဲ့ရသည့်အပြင် (၁၂၄)ဦး ဖမ်းဆီးခံထားရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က စက်တင်ဘာလ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ မြို့များအနက် တိုက်ပွဲဖြစ်ပွားသည့် အကြိမ်အရေအတွက်မှာ ဒီးမော့ဆိုမြို့နယ်အတွင်း (၂၃)ကြိမ်၊ လွိုင်ကော်မြို့နယ်အတွင်း (၁၃)ကြိမ်၊ လွိုင်လင်လေးမြို့တွင် (၈)ကြိမ်၊ ဘောလခဲမြို့နယ်တွင် (၅)ကြိမ်၊ ဖရူဆိုမြို့နယ်တွင် (၉)ကြိမ် နှင့် ဖားဆောင်းမြို့နယ်တွင် (၁)ကြိမ်ဖြစ်ပွားခဲ့သည်။

ယင်းအပြင် ရှမ်း - ကယား နယ်စပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်တွင် (၉)ကြိမ် နှင့် မိုးဗြဲတွင် (၅)ကြိမ် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စစ်တပ်မှ အာဏာသိမ်းထားသည့် ရက်ပေါင်း (၂၃၀)အတွင်းဖြစ်သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ(၁၈)ရက်နေ့အထိ  သေဆုံးသူများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များအတွင်း သေဆုံးသူ(၂)ဦး၊ စစ်တပ်မှ ရပ်ကွက်နှင့်ကျေးရွာများအတွင်း အရပ်သားများကို အကြောင်းမဲ့သတ်ဖြတ်ရာတွင် သေဆုံးသူ(၇၁)ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ (၅)ဦး နှင့် PDF နှင့် လက်နက်ကိုင်တပ်ဖွဲ့များ သေဆုံးသူအဖြစ် (၁၆)ဦး စုစု‌ပေါင်း သေဆုံးသူ (၉၃)ဦးအထိ ရှိခဲ့သည်။

ဖမ်းဆီးခံရသူများအနေဖြင့်  ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူ (၁၀၇)ဦး၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ခံထားရသူ (၇)ဦး၊ ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်ခံထားရသူ (၆)ဦး နှင့် ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခံထားရသူ (၄)ဦး စုစုပေါင်း (၁၂၄) အမှုဖွင့်ခံထားရသည်။

 

ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်မှ အင်အားများဖြည့်တင်းပြီး ထိုးစစ်များဆင်ခြင်း၊ လူနေအိမ်များ နှင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူ(၁)သိန်းကျော် စစ်ဘေးရှောင်ခဲ့ရသည်။