ကယားပြည်နယ်အစိုးရ အနေဖြင့် ဆိတ်မွေးမြူရေး စီမံကိန်း မအောင်မြင်၍ တောင်သူများထံ အစားထိုးအလျော်တောင်းသည့်ကိစ္စ မလုပ်သင့်ကြောင်း လွှတ်တော်က ဆွေးနွေးအသိပေး

ကယားပြည်နယ်အစိုးရ အနေဖြင့် ဆိတ်မွေးမြူရေး စီမံကိန်း မအောင်မြင်၍ တောင်သူများထံ အစားထိုးအလျော်တောင်းသည့်ကိစ္စ မလုပ်သင့်ကြောင်း လွှတ်တော်က ဆွေးနွေးအသိပေး
ဇွန် 14, 2020
By Tachileik News Agency
ကယားပြည်နယ်အစိုးရ အနေဖြင့် ဆိတ်မွေးမြူရေး စီမံကိန်း မအောင်မြင်၍ တောင်သူများထံ အစားထိုးအလျော်တောင်းသည့်ကိစ္စ မလုပ်သင့်ကြောင်း လွှတ်တော်က ဆွေးနွေးအသိပေး

အစိုးရဘတ်ဂျက်ဖြင့် ဆိတ်များဝယ်ယူပြီး ဒေသခံတောင်သူများကို ခွဲဝေမွေးမြူစေသည့် အစီအစဉ် မအောင်မြင်သည့်အတွက် တောင်သူများကို မူလဆိတ်ကောင်ရေအတိုင်း ပြန်လည်ဖြည့်တင်းပေးရန် အစားထိုးအလျော်တောင်းသည့်ကိစ္စမှာ ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် မလုပ်သင့်ကြောင်း ၂၀၂၀ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင်ပြုလုပ်သည့် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသည်။

ကယားပြည်နယ် အစိုးရအဖွဲ့က ဘဏ္ဍာ(၃)နှစ်အတွင်း ငွေကျပ် (၂၄၈)သန်း သုံးစွဲ၍ ဒေသခံတောင်သူများအတွက် ဆိတ်မွေးမြူရေး စီမံကိန်း အကောင်အထည်ဖေါ်ရာ မူလဖြန့်ဖြူးထားသည့် ဆိတ်ကောင်ရေ၏ သုံးပုံတစ်ပုံဝန်းကျင်သာရှိတော့၍ ဒေသခံတောင်သူများထံမှ အလျော်တောင်းထားကြောင်း သိရသည်။

"ပြည်နယ်အစိုးရအနေဖြင့် နှစ်စဉ်အရှုံးပေါ်နေပြီး ဒေသနှင့်ကိုက်ညီမှုမရှိသည့် မွေးမြူရေးလုပ်ငန်းအတွက် နှစ်စဉ်ဘတ်ဂျက်တောင်းခံပြီး လွှတ်တော်တွင် ဆွေးနွေးသည့်အချိန်တွင် ပြည်သူဘက်ကို အစားထိုးအလျော်တောင်းသည့် ကိစ္စမှာ ပြည်သူ့အစိုးရတစ်ရပ် မလုပ်သင့်သည့် ကိစ္စဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနအနေနဲ့ တာဝန်ရှိသူအဆင့်ဆင့်သည် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေတာကို တွေ့ရှိရပါတယ်"ဟု အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက လွှတ်တော်တွင်  အကြံပြုဆွေးနွေးသည်။

ကယားပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း (၄၀) ဖြင့် ဆိတ်ကောင်ရေ (၄၀၀)၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၅၈) သန်းဖြင့် ဆိတ်ကောင်ရေ (၅၈၀) ဝယ်ယူပြီး ဒေသခံများကိုခွဲဝေမွေးမြူစေရာတွင် အောင်မြင်မှုမရှိဘဲ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း (၁၅၀) ထပ်မံတောင်းခံပြီး ဆိတ်ကောင်ရေ (၁၅၈၀) ထပ်မံဝယ်ယူကာ ထပ်မံခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ခွဲဝေပေးရာတွင် ဌာနမှ ကြပ်မတ်မှုမရှိဘဲ တောင်သူများအတွက်လည်း အကျိုးမရှိဘဲ ပြည်သူ့ဘဏ္ဍာငွေများသာ ဆုံးရှုံးခဲ့ရသည်ကိုတွေ့ရှိခဲ့ရကြောင်း ဇွန်လ (၁၁) ရက်နေ့က ကျင်းပသည့် ကယားပြည်နယ် လွှတ်တော်အစည်းအဝေးတွင် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့၏ (၄)နှစ်တာကာလ တိုင်ကြားစာများအပေါ် ဆောင်ရွက်ထားရှိမှုအစီရင်ခံစာတွင် ဖော်ပြပါရှိခဲ့သဖြင့် ဇွန်လ (၁၂) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ဖြန့်ဖြူးခဲ့သည့် ဆိတ်ကောင်ရေ (၁၈၅၀) ကောင်ရှိပြီး ၂၀၁၉ ခုနှစ်တွင် လက်ကျန်ကောင်ရေ (၄၉၅) ကောင်သာကျန်ရှိသော်လည်း အစိုးရအဖွဲ့အနေဖြင့် ဆိတ်ကောင်ရေစာရင်းကို လစဉ်ပေးပို့လာသည့်အခါတွင် လစဉ်လတိုင်း အတိုး၊ အလျော့မရှိပဲ စာရင်းသေဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ကြားနာပွဲဆောင်ရွက်ခဲ့ရာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆုံးရှုံးမှုစာရင်းကို တင်ပြလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ အရင်းမပျောက် ပြန်လည်တင်ပြနိုင်ရေးအတွက် ဆိတ်မွေးတောင်သူများနှင့် ညှိနှိုင်းနေပြီး ပြန်လည်ဖြည့်တင်းခြင်းမရှိပါက ထိရောက်စွာတရားစွဲဆိုမည်ဟု တောင်သူများကို အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကယားပြည်နယ်လွှတ်တော်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~