ဒီမော့ဆိုတွင် ညပိုင်းပစ်ခတ်မှုကြောင့် တိုက်ပွဲရှောင်ရင်း ယာဉ်မတော်တဆမှုဖြစ်ကာ ကလေးတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာပြင်းထန်

ဒီမော့ဆိုတွင် ညပိုင်းပစ်ခတ်မှုကြောင့် တိုက်ပွဲရှောင်ရင်း ယာဉ်မတော်တဆမှုဖြစ်ကာ ကလေးတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာပြင်းထန်
စက်တင်ဘာ 8, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ညက ရဲစခန်းဘက်မှ ပစ်ခတ်သံများကြောင့် ထွက်ပြေးတိမ်းရှောင်ကြရင်း ယာဉ်မတော်တဆမှုဖြစ်ကာ မိသားစုတစ်ခုမှ ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

ဒီမော့ဆိုမြို့ရဲစခန်းဘက်မှ ပစ်ခတ်သံများကြောင့် ထွက်ပြေးတိမ်းရှောင်ကြရင်း ဒေါ်ပေါ်ကူးကျေးရွာအဝင်လမ်းခွဲတွင် ည (၇)နာရီကျော်ဝန်းကျင်က ကားနှင့် ဆိုင်ကယ် ချိတ်မိသွားခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ပေါ်က ကလေးနှစ်ယောက် ပြုတ်ကျတာ။ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ ကျန်တဲ့တစ်ယောက်ကလည်း ဒဏ်ရာပြင်းတယ်

ဟု ဒီးမော့ဆိုဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်မတော်တဆမှုကြောင့် ဒေါ်ငံခါး (၂) ရပ်ကွက်မှ တိုက်ပွဲရှောင်လာသည့် မိသားစုမှ (၈)နှစ်အရွယ် မဂျာဇင်းတာမှာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်ကလေးတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရသွားခြင်းဖြစ်ကြောင်း သိရသည်။

ကလေးငယ်များ ထိခိုက်ဒဏ်ရာရ၊ သေဆုံးရမှုအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်း ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က စက်တင်ဘာလ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency