ကရင်နီတပ်မတော်၏ ဌာနချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ကင်းထောက်ပြီး တိုက်ခိုက်

ကရင်နီတပ်မတော်၏ ဌာနချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ကင်းထောက်ပြီး တိုက်ခိုက်
ဇန်နဝါရီ 8, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း  ကရင်နီတပ်မတော် (KA)ဌာနချုပ်ရှိရာ နယ်မြေများအတွင်း  အာဏာသိမ်းစစ်တပ်က ယမန်နေ့ကလည်းက လေကြောင်းမှ တိုက်ခိုက်၊ ကင်းထောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်မှ ဂျက်တိုက်လေယာဉ် (၁) စီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ နံနက် (၂)နာရီခွဲအချိန်တွင် လာရောက်ကင်းထောက်နေကြောင်း သိရသည်။

ယမန်နေ့က နံနက် (၁၀)နာရီအချိန်တွင် ဂျက်တိုက်လေယာဉ် (၁)စီးဖြင့် ကင်းထောက်ပြီး အခြားဂျက်လေယာဉ် (၁)စီးက ဗုံးသီး (၂)လုံးဖြင့် ကရင်နီတပ်မတော်(KA)ရှိရာသို့ ပစ်ခတ်သွားကာ နံနက် (၁၀)နာရီခွဲအချိန်တွင် ဒုတိအကြိမ်အဖြစ် ဂျက်လေယာဉ် (၁)စီးဖြင့် ဗုံးသီး (၃)လုံးကြဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နေ့လယ် (၁)နာရီခွဲအချိန်တွင် ဂျက်လေယာဉ် (၁)စီးဖြင့် ကင်းထောက်နေပြီး ညနေ (၂)နာရီဝန်းကျင်တွင် ရဟတ်ယာဉ် (၂)စီးဖြင့် တပ်ကူအင်အားနှင့် ထောက်ပို့ချသည်ကို တွေ့ရသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ယမန်နေ့ ည (၇)နာရီခွဲမှ ည (၁၀)နာရီခွဲအထိ ဂျက်လေယာဉ်များ ခေါက်တုန့်ခေါက်ပြန် ကင်းထောက်နေသည်ကို တွေ့နေရကြောင်း သိရသည်။