လွယ်ဟွဲကျေးရွာ နှင့် ပင်ပုံကျေးရွာအကြား  ဖြစ်ပွားသည့် တိုက်ပွဲတွင် ၎င်းတို့ဘက်က နယ်မြေကျူးကျော်ခြင်း မဟုတ်ကြောင်း PNO ငြင်းဆို

လွယ်ဟွဲကျေးရွာ နှင့် ပင်ပုံကျေးရွာအကြား  ဖြစ်ပွားသည့် တိုက်ပွဲတွင် ၎င်းတို့ဘက်က နယ်မြေကျူးကျော်ခြင်း မဟုတ်ကြောင်း PNO ငြင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြားဖြစ်သည့် လွယ်ဟွဲကျေးရွာ နှင့် ပင်ပုံကျေးရွာအကြားတွင် ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့ က တိုက်ပွဲဖြစ်ပွားခြင်းမှာ ၎င်းတို့ဘက်က နယ်မြေကျူးကျော်ခြင်း မဟုတ်ဘဲ KNDF ဘက်က နယ်မြေကျူးဝင်ရောက်လာ၍ ကာကွယ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာန)က ဩဂုတ်လ(၁၇)ရက်‌နေ့ ရက်စွဲဖြင့် ပြန်လည်ငြင်းဆိုသည့် သဘောထားချက်ကို ထုတ်ပြန်လာသည်။ 

PNO မှ ၁၇.၈.၂၀၂၁ တွင် ထုတ်ပြန်သည့် သဘောထား ထုတ်ပြန်ချက်

တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းမှာ ဖယ်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်များထံသို့ အာဏာသိမ်းစစ်ကောင်စီတပ် နှင့် PNO ပူးတွဲစစ်ကြောင်းက ဝင်ရောက်ကျူးကျော်ရန်မူပြီး စတင်တိုက်ခိုက်လာသည့်အတွက်  ကရင်နီတပ်မတော်(KA)နှင့်ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဖယ်ခုံ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒီးမော့ဆို)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မိုးဗြဲ)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖယ်ခုံ(PDF)က ဩဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းတွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဖယ်ခုံ)က သတင်းထုတ်ပြန်ထားသည့်အတွက် PNO ဘက်က သဘောထား ပြန်လည် ထုတ်ပြန်လာခြင်း ဖြစ်သည်။

ဖယ်ခုံ(PDF)မှ  ၁၅.၈.၂၀၂၁ ရက်နေ့က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်

ယင်းနေ့က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အပြစ်မဲ့ ကလေးငယ်များနှင့် သက်ကြီးရွယ် ကျေးရွာသူ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရပြီး အမြန်ဆုံး တိမ်းရှောင်နိုင်ရေးအတွက် Free Burma Ranger(ကရင်နီ)အဖွဲ့က ကူညီပေးခဲ့ရကြောင်းလည်း သိရသည်။