နမ့်စန်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတိပေးချက် ထုတ်ပြန်လိုက်ပြီးနောက် နမ့်စန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြှင့်နေ

နမ့်စန်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတိပေးချက် ထုတ်ပြန်လိုက်ပြီးနောက် နမ့်စန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြှင့်နေ
ဖေဖော်ဝါရီ 2, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် နမ့်စန်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏  သတိပေးစာထွက်ပေါ်လာပြီးနောက် မြို့တွင်း၌ အာဏာသိမ်း စစ်ကောင်စီ၏ တပ်နှင့်ရဲများ အပြင် ပြည်သူ့စစ်များပါ လုံခြုံရေးယူထားကြသည်ကို တွေ့ရကြောင်း ဒေသခံများထံက သိရသည်။

 

ဒီမှာ တပ်မတော်ထောက်ခံပွဲဆိုပြီး နှစ်ရက်လုပ်တယ်၊ ပထမတစ်ရက်မှာ တင့်ကားတွေနဲ့ လုံခြုံရေးလိုက်တယ်။ မနေ့ကတော့ တိုင်းရင်းသားတွေပါ ပါလာတယ်။ မြို့အစွန်ဘက် ရွာတွေကဖြစ်မယ်။ ဒီရက်ပိုင်းတွေထဲ ဒီနေ့အထိ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးတွဲတွေ့နေရတယ်။ တိုင်းရင်းသားတွေ ထောက်ခံပွဲပါလာရတဲ့ အကြောင်းကလည်း ပြည်သူ့စစ်အဖွဲ့တွေက တွန်းအားပေးတာကြောင့်လို့ပဲ ထင်တယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြောသည်။

မြို့လုံခြုံရေးအတွက်ဟု အကြောင်းပြကာ  အင်အားနည်းလာသည့် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်များကို ကင်းစောင့်ခြင်း၊ လှည့်ကင်းလှည့်ခြင်းများတွင် အသုံးချလာခြင်းဖြစ်သည်ဟု သိရသည်။

နေ့ပိုင်းအပြင် ညပိုင်းတွင်လည်း စစ်ကား ရဲကားများဖြင့် လှည့်ပတ်သွားလာနေကြောင်းလည်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နမ့်စန်မြို့ပေါ်တွင် လက်နက်စွဲကိုင် တိုက်ခိုက်ခုခံသည့် အဆင့်သို့ မကြာခင် မြင်တွေ့ရတော့မည်ဟု ထုတ်ပြန်အသိပေးထားသည်။