လာအိုနိုင်ငံမှ စတုတ္ထအသုတ် နေရပ်ပြန် မြန်မာနိုင်ငံသား (၂၇၆) ဦးအနက် (၃၇) ဦးတွင် COVID 19 ပိုးတွေ့

လာအိုနိုင်ငံမှ စတုတ္ထအသုတ် နေရပ်ပြန် မြန်မာနိုင်ငံသား (၂၇၆) ဦးအနက် (၃၇) ဦးတွင် COVID 19 ပိုးတွေ့
By Tachileik News Agency

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ စတုတ္ထအသုတ် နေရပ်ပြန်သူ (၂၇၆) ဦးကို လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှ တာချီလိတ် ဝမ်ပုံဆိပ်ကမ်းသို့လွှဲပြောင်းပေးရာတွင် (၃၇) ဦး၌ COVID 19 ပိုးတွေ့ရသည်ဟု သိရသည်။

နေရပ်ပြန်အမျိုးသား (၁၈၂) ဦး၊ အမျိုးသမီး (၉၄)ဦး စုစုပေါင်း (၂၇၆) ဦးအနက် အမျိုးသား (၂၈) ဦးနှင့် အမျိုးသမီး (၉) ဦး စုစုပေါင်း (၃၇) ဦးတွင် ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပိုးတွေ့သူများကို တာချီလိတ်ရှိ Quarantine Center သို့ လာအိုပို့ဆောင်ပြီး သတ်မှတ်ရက်ပြည့်မှ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုမည်ဖြစ်ပြီး ကျန်ပိုးမတွေ့သူများကို နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုထားကြောင်း သိရသည်။

လာအိုနိုင်ငံဘက်တွင် အခက်အခဲဖြစ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် နေရပ်ပြန်ခွင့်ရရန် လပေါင်းများစွာစောင့်ဆိုင်းပြီးနောက် ဇူလိုင်လ (၃၀) ရက်နေ့က ပထမအသုတ်အဖြစ် (၃၃) ဦး နေရပ်ပြန်ခွင့်ရပြီး ဩဂုတ်လ (၁) ရက်နေ့တွင် ဒုတိယအသုတ်အဖြစ် နေရပ်ပြန် (၂၂၁) ဦး၊ ဩဂုတ်လ (၃) ရက်နေ့က တတိယအသုတ် နေရပ်ပြန် (၁၆၇)ဦးပြန်ခွင့်ရခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်လာသူများမှ ပထမအသုတ်တွင် COVID 19 ပိုးတွေ့သူ (၁) ဦး၊ ဒုတိယအသုတ်တွင် ပိုးတွေ့သူ (၂၇)ဦး၊ တတိယအသုတ်တွင် ပိုးတွေ့သူ (၈၃) ဦးတွေ့ခဲ့ရခြင်းဖြစ်သည်။

 

ပဥ္စမအသုတ်အဖြစ် နေရပ်ပြန်များကို ဩဂုတ်လ (၉) ရက်နေ့တွင် ဆက်လက် လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။