လွိုင်ကော် - လောပိတလမ်းတလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ကြားရ

လွိုင်ကော် - လောပိတလမ်းတလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ကြားရ
ဇူလိုင် 14, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ ည (၁၀)နာရီခွဲအချိန်မှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်များရှိသည့်ဘက်မှ  လက်နက်ကြီး၊ လက်နက်ငယ်များ၊ စက်သေနတ်များ၊ အသံဗုံးဖြင့် ပစ်ခတ်သံများ (၁၅) မိနစ်ဝန်းကျင်ကြားရပြီး ပစ်ခတ်ရသည့် အကြောင်းရင်းကို မသိရကြောင်း ဒေသခံများထံမှ ရသည်။ 

မိုးတွေလည်း ရွာနေတယ်။ စက်သေနတ်တွေရော လက်နက်ကြီး လက်နက်ငယ်တွေရော ဆက်တိုက်ကိုပစ်နေတာ

ဟု လွိုင်ကော်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့ပေါ်နှင့် လွိုင်ကော်-လောပိတသွားလမ်းမကြီး တစ်လျှောက်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်များ အခြေစိုက်ရာနေရာများဘက်မှ ပစ်ခတ်သံများ ကြားရခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့ညတွင် လွိုင်ကော်မြို့၌ မိုးရွာနေပြီး ပစ်ခတ်သံများလည်း (၁၅) မိနစ်ဝန်းကျင်အကြာတွင် ရပ်သွားသည်ဟု သိရသည်။