ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်မျိုးစုံ ၄၁ လက်သိမ်းဆည်းရရှိခဲ့ဟု KNDF ထုတ်ပြန် 

ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်မျိုးစုံ ၄၁ လက်သိမ်းဆည်းရရှိခဲ့ဟု KNDF ထုတ်ပြန် 
အောက်တိုဘာ 3, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ငယ်(၃၆)လက်၊ လက်နက်ကြီး(၅)လက်နှင့် ခဲယမ်းမျိုးစုံကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း KNDFဗဟိုက ယနေ့ အောက်တိုဘာလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါကာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား(၇၈)ဦး သေဆုံးပြီး (၅)ဦး ဖမ်းဆီးရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့၏ ကား(၂)စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့်အပြင် (၁)စီးအား မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၀)ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းကြောင့်လည်း အရပ်သားတစ်ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။ 

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး၊ ကျန်းမာရေးအဆောက်အဦးတစ်လုံးနှင့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် မယ်စဲ့မြိုနယ်၊ ပန်တိန်းကျေးရွာရှိ BGFစခန်းနှင့် အနီးတဝိုက်တွင် တပ်စွဲနေပြီး မယ်စဲ့မြိုနယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေး လက်နက်ခဲယမ်းများနှင့် အင်အားဖြည့်တင်းနိုင်ရန် ဖရူဆိုနှင့် ဘောလခဲမြိုနယ်တို့ကို စစ်ကြောင်းထိုးနေကာ စက်တင်ဘာလအတွင်း တိုက်ပွဲများတွင် KNDFမှ ရဲဘော်(၈)ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo : KNDF