ကယားပြည်နယ် လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းမှ တိုက်ပွဲရှောင်များ မိုးကာနှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်နေ

Photo: Karenni FBR
Photo: Karenni FBR
ကယားပြည်နယ် လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းမှ တိုက်ပွဲရှောင်များ မိုးကာနှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်နေ
ဇူလိုင် 14, 2021 | ကယား

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရှောင်တိမ်းနေရသော ဒေသခံစစ်ရှောင်များအတွက် မိုးကာနှင့် ခြင်ထောင်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ 

လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းမှ ကျေးရွာများမှ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရသော ဒေသခံများ အတွက် ယာယီခိုလှုံရန် နေရာများ တည်ဆောက်ရေး အတွက် မိုးကာများ နှင့် အခြေခံလိုအပ်ချက်များ အပြင် ခြင်ထောင်များပါ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ 

အဓိကကတော့ ခုလောလောဆယ်မှာ မိုးကာအထည် (၁၀၀) လောက်လိုနေတယ်။ ပြီးတော့ ခြင်ထောင်ပေါ့။ ခြင်ထောင်က တစ်ချို့ပို့သွားပေမဲ့ မလောက်ဘူးပေါ့။ မိုးကာကလည်း အထည် (၁၀၀) လောက် အကြီးပေါ့လေ။ အဲဒါအရေးပေါ်လိုနေတယ်။ စားနပ်ရိက္ခာအတွက်ကတော့ မနေ့က စစ်တပ်က တစ်ချက်ဆုတ်သွားတော့ ရွာထဲ ရိက္ခာပြန်ယူချင်တဲ့သူ ပြန်ယူလို့ရတယ်ဆိုပြီး ခဏပြန်ယူကြတယ်။ ပြီးတော့ ပြန်သွားကြတာပေါ့။ ရေရှည်မှာ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်လာမှာပါ။

ဟု စစ်ရှောင်ကူညီရေးလုပ်ကိုင်ပေးနေသည့် ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။ 

လွိုင်လင်လေးမြို့အရှေ့ဖက်ရှိ ကွန်နား၊ ဝမ်ခိုင်း၊ ဒေါတဟေး၊ တီးလုံ၊ ဝမ်ခိုင်း စသည့် ကျေးရွာများအနီး ကရင်နီတပ်မတော် (KA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ (၆၆)၊ ခလရ (၅၃၀) တပ်ရင်းတို့ ဇူလိုင်လ (၁၂) ရက်နေ့က တိုက်ပွဲ (၅) ကြိမ်ဖြစ်ပွားခဲ့သဖြင့် အဆိုပါ လမ်းမကြီး တစ်လျှောက်ရှိ ကျေးရွာများတွင် နေထိုင်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြရခြင်း ဖြစ်သည်။ 

အခုက ကျွန်တော်တို့ တောထဲမှာပဲ အဆင်ပြေသလို နေကြတာပေါ့ ။ စားစရာကတော့ စစ်တပ်က ဆုတ်သွားတော့  ရွာမှာ ခဏပြန်ယူတော့ ရှိသေးတယ်။ ရွာမှာလည်း ပြန်မနေရဲဘူး။ ရိက္ခာလေးနဲ့ ယူစရာလေးရှိတာယူပြီး တောထဲပြန်လာရတာပေါ့။ အခုက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေပါ ပါနေတော့ ရေရှည်မှာ စားစရာရော၊ နောက်ဆေးဝါးတွေပါ လိုအပ်လာမယ်။

ဟု စစ်ရှောင်တစ်ဦးကပြောသည်။ 

လက်ရှိချိန်တွင် မိုးရာသီကာလဖြစ်၍ စစ်ရှောင်များ ယာယီခိုလှုံရာနေရာ တည်ဆောက်ရေးအတွက် အရေးပေါ် မိုးကာများလိုအပ်နေသည့်အပြင် ခြင်ပေါများသည့်တောထဲတွင် ငှက်ဖျားရောဂါကြောက်ရသဖြင့် ခြင်ထောင်များ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အကူအညီပေးနိုင်သူများအနေဖြင့် ဒေသခံစစ်ရှောင်ကူညီပေးသူများနှင့်ချိတ်ဆက်၍ ပေးပို့နိုင်ကြမည်ဖြစ်ပြီး စစ်ရှောင်သက်ကြီးရွယ်အိုနှင့် ကလေးငယ်များလည်း အများအပြားပါဝင်၍ ၎င်းတို့အတွက် စားနပ်ရိက္ခာ နှင့် ဆေးဝါးများလည်း လိုအပ်လျှက်ရှိကြောင်း သိရသည်။