လွိုင်ကော်မြို့တွင်း မာရှယ်လော ထုတ်ထားသည် ဆိုသည့် သတင်းပြန့်နှံ့နေ၍ မြို့တွင်း လူသွားလူလာ မရှိသလောက် ဖြစ်နေ 

လွိုင်ကော်မြို့တွင်း မာရှယ်လော ထုတ်ထားသည် ဆိုသည့် သတင်းပြန့်နှံ့နေ၍ မြို့တွင်း လူသွားလူလာ မရှိသလောက် ဖြစ်နေ 
ဇွန် 26, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့ ဇွန်လ(၂၆)ရက်နေ့ နေ့လည် (၁)နာရီကစ၍ မာရှယ်လောထုတ်ထားသည်ဆိုသည့် သတင်းပြန့်နှံ့နေသောကြောင့်မြို့တွင်း လူသွားလူလာ မရှိသလောက်ဖြစ်၍ တိတ်ဆိတ်နေကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် နေ့လည် (၁)နာရီမှ၍ စစ်ကောင်စီမှ မာရှယ်လော ထုတ်ထားကြောင်း လူမှုကွန်ယက်ပေါ်တွင် သတင်းပြန့်နှံ့ ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများထံ  တာချီလိတ်သတင်းအေဂျင်စီ မှ ဆက်သွယ် အတည်ပြုထားချက်အရ မာရှယ်လောထုတ်သည့် စာ ထုတ်ထားခြင်းမရှိသလို လိုက်လံဆော်အော ထားခြင်းများလည်း မရှိကြောင်း သိရသည်။ 

ယနေ့ ဇွန်လ (၂၆)ရက်နေ့ မနက်ပိုင်းမှစ၍ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ်များမှ လက်နက်အပြည့်အစုံဖြင့် ခြေလျင် လှည့်လည်နေခဲ့ပြီး မြို့တွင်း ရပ်ကွက်အချို့ရှိ  လမ်းမကြီးဘေးမှ  နေအိမ်နှင့် ဈေးဆိုင်အချို့အား လှည့်လည်နေသော စစ်သားများက နေ့လည် (၁)နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ ပြောဆို သွားခြင်းမျိုးသာ ဖြစ်ကြောင်း သိရသည်။ 

စစ်သားတွေ လမ်းဘေးအိမ်တွေကို (၁)နာရီနောက်ပိုင်း အပြင်မထွက်နဲ့လို့ ပြောသွားတာပါ။ အဲ့ကနေ စတာပါ။ ရပ်ကွက်တွေထဲ စစ်သားတွေ လှည့်နေတာ (၁)နာရီ နောက်ပိုင်း အပြင်မထွက်နဲ့လို့ ပြောသွားတာကနေ တစ်ယောက်ပြီး တစ်ယောက် ပြောကြရာကနေ မာရှယ်လောထုတ်တယ် ဆိုပြီး ဖြစ်သွားတာမျိုးပါ။ စာထုတ်တာလည်း မရှိသလို မာရှယ်လော ထုတ်တယ်လို့ ဆော်သြတာမျိုးလည်း မရှိပါဘူး။ ရပ်ကွက်တွေထဲတော့ အခုထိ လှည့်လည်နေပါတယ်။

ဟု လွိုင်ကော်မြို့နေ ဒေသခံတစ်ဦး တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။ 

လွိုင်ကော်မြို့ပေါ်တွင် ဇွန်လ (၂၅)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်များမှ လက်နက်​ကြီး လက်နက်ငယ်များ ပစ်ခတ်ခဲ့သောကြောင့် စစ်တပ် နှင့်နီးသည့် မြို့ပေါ်ရပ်ကွက်အချို့ နေအိများ ကျည်ထိမှန်ခဲ့ကြောင်း သိရသည် ။ 

ဇွန်လ (၂၆)ရက်နေ့ နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်၏ အင်အား (၁၀၀)နီးပါးခန့်မှာ လွိုင်ကော်မြို့တွင်း ခြေလျင်လှည့်လည် သွားလာနေသလို ရပ်ကွက်အချို့တွင် နေအိမ်များအနီး စစ်သားများချထား၍ နေရာယူထားသည့် သဘော ပြုလုပ်ထားပြီး လက်ရှိတွင် ဒေါဥခူ ရပ်ကွက်တွင် အဆိုပါ စစ်သားများ ရောက်ရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ