လားရှိုးအခြေစိုက် ပြည်နယ်စည်ပင်သာယာရေးဌာန(ခွဲ)တွင် Covid-19 ကူးစက်ခံထားရသူ (၆)ဦးအထိရှိနေရာ မိသားစုဝင် (၁)ဦး ပါဝင်နေ

လားရှိုးအခြေစိုက် ပြည်နယ်စည်ပင်သာယာရေးဌာန(ခွဲ)တွင် Covid-19 ကူးစက်ခံထားရသူ (၆)ဦးအထိရှိနေရာ မိသားစုဝင် (၁)ဦး ပါဝင်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးအခြေစိုက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး)တွင် ရုံးတက်နေသည့် စည်ပင်ဝန်ထမ်း (၆)ဦး နှင့် မိသားစုဝင် (၁)ဦးမှာ Covid-19 ကူးစက်ခံထားရကြောင်း သိရသည်။

Covid-19 ကူးစက်ခံထားရသူများမှာ CDM မလုပ်ဆောင်ထားသည့် အင်ဂျင်နီယာမှ (၂)ဦး၊ ငွေစာရင်းဌာနစိတ်မှ (၃)ဦး အပြင် မိသားစုဝင် (၁)ဦး စုစုပေါင်း (၆)ဦး ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး)မှ Covd-19 ပိုးတွေ့ရှိသူနှင့် ထိတွေ့မှုရှိခဲ့သူ စည်ပင်ဝန်ထမ်း(၃)ဦးမှာ  တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန(ရုံးချုပ်)သို့ မီနီဘတ်ဂျတ်ကိစ္စဖြင့် သွားရောက်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

"တောင်ကြီး ပြည်နယ်ရုံးမှာ (၆)လ မီနီဘတ်ဂျက် ပြန်ပြောင်းဖို့ရှိတယ်။ အဲ့တော့ လားရှိုးက ဘတ်ဂျက်ညှိဖို့အတွက် တောင်ကြီး ပြည်နယ်ရုံးကို လာတာ။ ဖြစ်ချင်တော့ သူတို့နဲ့ ထိတွေ့သူ အထက်အရာရှိက Covid-19 ကူးစက်ခံထားရကြောင်း လားရှိုးမှာ အဖြေထွက်တယ်။  အဲ့တော့ တောင်ကြီးကိုရောက်နေတဲ့အဖွဲ့ကို  ဆက်သွယ်အကြောင်းကြားလိုက်တော့ တောင်ကြီးမှာလည်း စစ်လိုက်တဲ့အခါ တောင်ကြီးမှာ အဖြေထွက်တဲ့ (၈)ယောက်ထဲမှာ လားရှိုးက လာတဲ့လူလည်း ပါတယ်။"ဟု အမည်မဖော်လိုသည့် စည်ပင်ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၅)ရက်နေ့တွင် ပြောသည်။

တောင်ကြီးအခြေစိုက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန(ရုံးချုပ်)တွင် ဇွန်လ(၂၃)ရက်နေ့က ငွေစာရင်းဌာနစိတ်မှ (၃)ဦး၊ စီမံဌာနစိတ်က (၁)ဦး၊ အခွန်ဌာနစိတ်မှ (၁)ဦး နှင့် မိသားစုဝင် (၃)ဦး စုစုပေါင်း (၈)ဦး အပါအဝင် ကူးစက်ခံထားရပြီး Covid-19 (၂)ကြိမ်တိတိ ထိုးပြီးထားသော်လည်း ကူးစက်ခံရသူ အနည်းဆုံး (၄)ဦးအထိ ပါဝင်နေကြောင်းလည်း သိရသည်။

လားရှိုးမြို့တွင် Covid-19 ကူးစက်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး)မှ အရာရှိများနှင့်ဝန်ထမ်းများ Covid-19 ကူးစက်ခံထားရသည့်သတင်းကို အပြင်သို့ မပေါက်ကြားစေရန် လျှို့ဝှက်ထားသည့်အတွက် ကူးစက်ခံထားရသူများ၏ လက်ရှိ ကျန်းမာရေးအခြေအနေကို တိတိကျကျ မေးမြန်း၍ မရနိုင်သော်လည်း လားရှိုးမြို့မှ စည်ပင်ဝန်ထမ်းများအနက် တစ်ဦးမှာ အောက်စီဂျင်ပေးထားရသည်ဟုလည်း သတင်းများထွက်ပေါ်နေကြောင်းလည်း ကြားသိရသည်။

လားရှိုးမြို့နယ်အတွင်း ဇွန်လ(၂၅)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၂၈)ဦး ထပ်တိုးရာ လားရှိုးမြို့နယ်တစ်ခုလုံးတွင်  ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့ကနေ ဇွန်လ(၂၅)ရက်နေ့အထိ (၁၉)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၂၆၈)ဦးအထိရှိနေပြီး သေဆုံးသူမှာ (၄)ဦးအထိ ရှိထားကြောင်း သိရသည်။

#TachileikNewsAgency