ကျောက်မဲမြို့တွင်းလမ်းပေါ် Mask မတပ်ဘဲ သွားလာနေသူ (၂၀)ဦးကို စစ်ဆေးကြည့်ရာ (၁)ဦးတွင် COVID 19 ပိုးတွေ့

ကျောက်မဲမြို့တွင်းလမ်းပေါ် Mask မတပ်ဘဲ သွားလာနေသူ (၂၀)ဦးကို စစ်ဆေးကြည့်ရာ (၁)ဦးတွင် COVID 19 ပိုးတွေ့
နိုဝင်ဘာ 17, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင်းလမ်းတွင် နှာခေါင်းစည်း (Mask) မတပ်ဘဲ သွားလာနေသူများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက်က RDT Testkit ဖြင့် စစ်ဆေးရာ စစ်ဆေးမှုခံယူသူ (၂၀) ဦးအနက်  (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။

ပိုးတွေ့ရသူမှာနားအိုက်ခန့်ကျေးရွာတွင် ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်ထားသူ အမျိုးသားတစ်ဦးဖြစ်ကာ ကျောက်မဲသို့ ခေတ္တလာရောက်သူဖြစ်ကြောင်းသိရပြီး ၎င်း၏ မိသားစုဝင်များအား ဆက်လက်စစ်ဆေးရာတွင် ပိုးမတွေ့ကြကြောင်း သိရသည်။

ကျောက်မဲမြို့တော်ခန်းမအနီးတွင်  ကျန်းမာရေးဌာန ဦးဆောင်သည့် ပူပေါင်းအဖွဲ့ဖြင့် နိုဝင်ဘာလ ( ၁၇ ) ရက် နံနက်ပိုင်းက ပင်လုံလမ်းမပေါ်၌ Mask မတပ်ဘဲ ဆိုင်ကယ်မောင်းနှင်လာသူများအား ခေါ်ယူ၍ စစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မြို့တော်ခန်းမအနီးတွင် ရှောင်တခင်ခေါ်ယူပြီး နှာခေါင်းနှိုက်စစ်ဆေးခဲ့ရာ နှာခေါင်းစည်းမတပ်ပဲ သွားလာနေသူများအနက် ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသည့် အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့သဖြင့် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံရှိ ကိုဗစ်ကုသဆောင်သို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။

လက်ရှိတွင် ပိုးတွေ့ရသည့် အမျိုးသားအား ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံရှိ အတည်ပြုလူနာကုသဆောင်တွင် ထားရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း COVID 19 တတိယလှိုင်းစတင်သည့်  ၂၀၂၁ ခုနှစ်၊ ဇွန်လ ( ၂၀ ) ရက်နေ့မှ နိုဝင်ဘာလ ( ၁၇ ) ရက်နေ့ မွန်းလွဲပိုင်းအထိ စစ်ဆေးမှုခံယူသူများမှ အတည်ပြုလူနာစုစုပေါင်း (၁၈၁၉) ဦးတွေ့ရပြီး ယင်းတို့အနက် (၁၀၂) ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

COID 19 တတိယလှိုင်းအတွင်း ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အာဏာသိမ်းအဖွဲ့အနေဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိ၍ COVID 19 အတည်ပြုလူနာစာရင်းမှာ မြေပြင်အခြေအနေနှင့် ကွာဟနေပြီး အတည်ပြုလူနာစာရင်းတွင် မပါဝင်ဘဲ နေအိမ်တွင် မိမိအစီအစဉ်ဖြင့် ကုသမှုခံယူနေသူများ၊ သေဆုံးသွားသူများလည်း အများအပြားရှိနေခြင်းဖြစ်သည်။