ပြည်တွင်းကူးစက်သူ Covid-19 လူနာ (၉)ဦးရှိနေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်ပါက ဒဏ်ငွေရိုက်ခြင်း အစီအစဉ် ဩဂုတ်လ(၂၁)ရက်နေ့ စတင်မည်

ပြည်တွင်းကူးစက်သူ Covid-19 လူနာ (၉)ဦးရှိနေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်ပါက ဒဏ်ငွေရိုက်ခြင်း အစီအစဉ် ဩဂုတ်လ(၂၁)ရက်နေ့ စတင်မည်
သြဂုတ် 20, 2020
By Tachileik News Agency
ပြည်တွင်းကူးစက်သူ Covid-19 လူနာ (၉)ဦးရှိနေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  Mask မတပ်ဘဲ  အပြင်ထွက်ပါက ဒဏ်ငွေရိုက်ခြင်း အစီအစဉ် ဩဂုတ်လ(၂၁)ရက်နေ့ စတင်မည်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှုအဖြစ်  (၄)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၉)ဦး ပေါ်ထွက်လာခဲ့သည့် အပြင်  ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ရန် လိုက်နာမှု အားနည်းနေသည့်အတွက် ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့တွင် စတင်ကာ ဩဂုတ်လကုန်အထိ လမ်းပေါ်တွင် နှာခေါင်းစည်း(Mask)မတပ်ဘဲ သွားလာနေသူများကို စစ်ဆေးတွေ့ရှိရပါက ဒဏ်ရိုက်သည့် စနစ်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
"မနက်ဖြန်ကစပြီးတော့ လမ်းသွားလမ်းလာနဲ့ ယာဉ်မောင်းတဲ့သူတွေထဲက mask မတပ်တဲ့သူတွေကို ဒဏ်ရိုက်မှာပေါ့၊ လောလောဆယ်တော့ စစ်တွေမှာပဲ အဓိက ဖြစ်နေတာဆိုတော့ မနက်ဖြန် (၂၁)ရက်နေ့က စလုပ်မယ် လကုန်အထိအောင်ပေါ့။ mask မတပ်လာတဲ့သူကို ဒဏ်ငွေ ကျပ်(၁၀၀၀)ရိုက်မယ်။ ဒဏ်ရိုက်ပြီးရင်လည်း mask တစ်ခု တပ်ပေးလိုက်မယ်။ ဒါကတော့ လကုန်အထိပေါ့၊ လကုန်ပြီး နောက်ရက်တွေမှာ မလိုက်နာရင်တော့  ဥပဒေအရ အရေးယူမှာပေါ့၊ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့တော့  ဌာနဆိုင်ရာတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ လှည့်လည်ပြီး အသံချဲ့စက်နဲ့ လိုက်အော်နေတယ်။"ဟု စစ်တွေမြို့တွင် တာဝန်ကျနေသည့် ပြည်နယ်အဆင့် တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၂၀)ရက်နေ့တွင် ပြောသည်။ 
 
လတ်တလောတွင် ဩဂုတ်လ(၂၀)ရက်နေ့ နေ့လည်ပိုင်းအထိ အတည်ပြုလူနာ (၆)ဦးနေထိုင်သည့် ရပ်ကွက်များမှ နေရာပေါင်း (၅)နေရာကိုလည်း အသွားအလာ ကန့်သတ်ထားမှုများ လုပ်ဆောင်ထားပြီး ဈေးများတွင်လည်း အသိပညာပေးမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။
"လောလောဆယ် (၅)နေရာရှိတယ်၊ လမ်းထိပ်တွေပိတ်ပြီး အဲ့နေရာတွေကို အသွားအလာ ကန့်သတ်ထားတယ်။ ကျန်တဲ့နေရာတွေတော့ ပုံမှန်သွားလာပေါ့၊ မနက်ကတော့ ဈေးမှာ Mask တွေ ဝေပြီး အသိပညာပေးတာတွေ လုပ်ခဲ့တယ်။ အရင်ကလည်း လုပ်တာပေါ့နော်။ ခုလည်း ထပ်လုပ်တာ၊ နောက်ရက်တွေမှာ ဈေးလည်း နေ့ခင်းပိတ်ထားရမဲ့ သဘောရှိတယ်၊"ဟု ပြည်နယ်အဆင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့တွင် ပြည်ပနိုင်ငံသွားလာဖူးခြင်းမရှိသည့် အပြင် အတည်ပြု/သံသယ လူနာများနှင့် ထိတွေ့ဖူးသူများ မဟုတ်သည့် ပြည်တွင်းကူးစက်မှု လူနာ(Case 375)ကို ၂၀၂၀ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့က စတင်တွေ့ရှိခဲ့သည်။

ဆက်လက်၍ ဩဂုတ်လ(၁၉)ရက်နေ့တွင် အထိတွေ့မရှိသူ နောက်ထပ် (၃)ဦးကို စစ်ဆေးတွေ့ရှိသည့် အပြင် ဩဂုတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းက  (Case 375) နှင့် ထိတွေ့သူ တစ်ဦးနှင့် အထိအတွေ့မရှိသူ နောက်ထပ် (၁)ဦးကို ထပ်မံတွေ့ရှိရသည့် အပြင် ဩဂုတ်လ(၂၀)ရက်နေ့ ည(၈)နာရီတွင်လည်း  နောက်ထပ်(၃)ဦးကို စစ်ဆေးတွေ့ရသည့်အတွက် စစ်တွေမြို့တွင် ဩဂုတ်လ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ ပြည်တွင်း ကူးစက်လူနာအဖြစ် စုစုပေါင်း (၉)ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။

လတ်တလောတွင် စစ်တွေမြို့တွင် Covid-19 ကာကွယ်ရေးအတွက် အထူးကြပ်မတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~