အမျိုးသား(၆)ဦး အဖွဲ့က ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး (၁)ဦးကို ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ  ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အမျိုးသားတစ်စုက ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ် လုယက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့  နံနက်(၄)နာရီ (၃၅)မိနစ်အချိန်မှာ တာချီလိတ်မြို့ရဲ့ ဟောင်လိတ်ရပ်ကွက်လို့ ခေါ်တဲ့ ဆေခမ်းရပ်ကွက်ထဲက ဈေးအနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

  ခိုးဆိုးလုယက်မှုတွေ လုပ်ဆောင်ရန် ဆိုင်ကယ်(၃)စီးနဲ့လှည့်လည်နေတဲ့ အမျိုးသား(၆)ဦးဟာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦးကို ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်သွားတာကို အခုပြသထားတဲ့ CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။

ဆိုင်ကယ်လုခံရတဲ့ အမျိုးသမီးဟာ ဆိုင်ကယ် ဆုံးရှုံးလိုက်ရတဲ့အပြင် ဓါးနဲ့ခုတ်ခံရမှုကြောင့် ပါးပြင်မှာ ဓါးဒဏ်ရာ ပြင်းပြင်းထန်ထန်  ရသွားလို့ (၉)ချက်အထိ ချုပ်လိုက်ရပါတယ်။



ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း တာချီလိတ်မြို့ပေါ် ရပ်ကွက်တွေမှာ အခုလို ဖြစ်စဉ်မျိုး နေ့စဉ်နီးပါး ဖြစ်ပွားခဲ့တာတွေရှိပြီး ဓါးနဲ့ခုတ်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားကြသူတွေထဲမှာ  ဒေသခံများအပြင် တာချီလိတ်မြို့နေ ထိုင်းနိုင်ငံသားအချို့လည်း  အခုလို ခံရကြောင်း အွန်လိုင်းပေါ်မှာ ထိုင်းဘာသာနဲ့ သတိပေးမျှဝေရေးသားထားကြတာကိုလည်း တွေ့ရပါတယ်။

တာချီလိတ်မြို့မှာ အခုလို လူကို ထိခိုက်ဒဏ်ရာရစေတဲ့ အထိ လုယက်တဲ့ဖြစ်စဉ်တွေဟာ နေ့စဉ်နီးပါး ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာတွေကတော့ သူတို့ကို ဖမ်းဆီးအရေးယူနိုင်စွမ်းမရှိပါဘူး။