တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာ တံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို PDF တပ်များပစ်ခတ်

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ တံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဂိတ်တွင် စောင့်ကြပ်နေသည့် တနင်္သာရီမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  မြိတ်ခရိုင် တပ်ရင်း(၂) တပ်ခွဲ(၁)နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၅၆၁) ခြေမြန်တပ်ရင်းသည် တပ်ရင်းအတွင်းမှ တပ်သားများ မကြာခဏ ထွက်ပြေးနေပြီး ယခုလအတွင်း တနင်္သာရီပကဖထံသို့ ခမရ(၅၆၁)မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာသည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေ(၃၆)သိန်း ပေးအပ်ခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၃)ရက်နေ့ကလည်း တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ(၁)နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ (၄၀)မမ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်မြို့နယ်၊ ရွှေကြက်ယက်ဘုရားတောင်အနီးတွင် စစ်ကောင်စီအဖွဲ့များအား တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့မှ စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

စက်တင်ဘာလ(၂၄)ရက်နေ့တွင် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လသာကျေးရွာအနီးတွင် စစ်‌ကောင်စီတပ်အား တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထား‌သည့် စည်းကမ်းချက်များကို လိုက်နာပေးကြရန်လည်း အသိပေးထားသည်။

#TachileikNewsAgency

Photo : People Defense Organization-Tanintharyi Division