ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲအပြစ်တင်ရန် လက်မှတ်ထိုးတင်ပြခဲ့သည့် လွှတ်တော်ကိုယ်စာလှယ်များထဲမှ တစ်ဦး နှုတ်ထွက်စာတင်ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုအား ဆက်လက်လုပ်ဆောင်မည်

ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲအပြစ်တင်ရန် လက်မှတ်ထိုးတင်ပြခဲ့သည့် လွှတ်တော်ကိုယ်စာလှယ်များထဲမှ တစ်ဦး နှုတ်ထွက်စာတင်ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုအား ဆက်လက်လုပ်ဆောင်မည်
သြဂုတ် 21, 2020
By Tachileik News Agency
ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲအပြစ်တင်ရန် လက်မှတ်ထိုးတင်ပြခဲ့သည့် လွှတ်တော်ကိုယ်စာလှယ်များထဲမှ တစ်ဦး နှုတ်ထွက်စာတင်ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုအား ဆက်လက်လုပ်ဆောင်မည်
ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုး တင်ပြခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံတွင် ပါဝင်သည့်  လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ၎င်းအားဖိအားပေး လက်မှတ်ထိုးခိုင်းခြင်းဖြစ်သည်ဟုဆိုကာ လက်မှတ်ရေးထိုးမှုမှ နှုတ်ထွက်သွားခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူနှုတ်ထွက်သွားလည်းရတယ်။ ကျွန်တော်တို့စုံစမ်းစစ်ဆေးရေးကော်မတီက အလုပ်ဆက်လုပ်သွားမှာပါ။ သူထွက်သွားလို့ ဒီကော်မတီကရပ်သွားတာမျိုး မဟုတ်ဘူး”ဟု စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဌ ဦးသဲရယ်က ဩဂုတ်လ(၂၁)ရက်နေ့တွင် ပြောသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) ၊ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဌ မှ အရေးယူဆောင်ရွက်ပေးရန်ဟု ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၏ လေးပုံတစ်ပုံက လက်မှတ်ရေးထိုး တင်ပြလာ၍ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးမှုများလုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်အား ယင်းကဲ့သို့ စွပ်စွဲပြစ်တင်မှုမှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းမရှိသည့်အပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်ခြင်းဖြစ်၍ ပြည်နယ်တွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးတို့ကိုပါ ထိခိုက်စေသဖြင့် ယင်းကဲ့သို့ ဆောင်ရွက်မှုအပေါ် ကန့်ကွက်ကြောင်းနှင့် စွပ်စွဲပြစ်တင်ခြင်းတွင် ပါဝင်လိုမှု မရှိတော့ကြောင်းရေးသားထားသည့် နှုတ်ထွက်စာအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်က သြဂုတ်လ (၂၀) ရက်နေ့တွင် ကယားပြည်နယ်လွှတ်တော်ရုံးသို့ပေးပို့ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲအပြစ်တင်ရန် အသင့်စာစီထားသော စာအား ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်၊ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူးတို့က ဖိအားပေး လက်မှတ်ရေးထိုးစေခဲ့ရာ စာအားသေချာစွာလေ့လာဖတ်ရှုခြင်းမပြုခဲ့ဘဲ လက်မှတ်ရေးထိုးခဲ့ရပြီး  စွပ်စွဲရာတွင် ပါဝင်သည့် မြေယာကိစ္စနှင့် စက်ယန္တရားကိစ္စများကို ပြည်နယ်အစိုးရအဖွဲ့မှ လွှတ်တော် အစည်းအဝေးတွင် အကြိမ်ကြိမ်ဖြေဆိုခဲ့ပြီး နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့သည်ကို လေ့လာသိရှိခဲ့ရသောကြာင့် ပြည်နယ်လွှတ်တော် တာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပေါ် လုပ်ပိုင်ခွင့်အား အသုံးချ၍ ဖိအားပေး လက်မှတ်ရေးထိုးစေခဲ့ခြင်းကြောင့် နှုတ်ထွက်ခြင်းဖြစ်ကြောင်း ၎င်းစာတွင်ဖော်ပြထားသည်။
“ဖိအားပေးပြီးလက်မှတ်ထိုးခိုင်းတယ်ဆိုတာလည်း ဒါမဖြစ်နိုင်တဲ့ကိစ္စပေါ့နော်။ ဒီစာမှာတွေ့ရှိထားသလောက် ဆိုရင် စွပ်စွဲအပြစ်တင်ဖို့ လက်မှတ်ရေးထိုးတဲ့အခါမှာ နှစ်ခါတောင်ထိုးတာပေါ့ ။နှစ်ခါထိုးတဲ့အကြောင်းရင်းက အပေါ်စာမှာရေးတဲ့အကြောင်းရင်းကနည်းနည်း အချောသပ်ဖို့အတွက် တစ်ခါပြန်ပြီးအချောသပ်ပြီးမှ လက်မှတ်ရေးထိုးခိုင်းတာပေါ့လေ။ သူကသေချာမဖတ်ဘဲ အတင်းထိုးခိုင်းတာတွေ ဖြစ်တယ်။နောက်ပြီး သူကသေချာမဖတ်မိဘဲ ထိုးမိတယ်ဆိုတဲ့ပုံစံမျိုးပါလာတဲ့ အခါကျတော့ဒါမဖြစ်နိုင်ပါဘူး။ ခုသူကစာတင်ပြီး စွပ်စွဲ အပြစ်တင်တဲ့ ပုဂ္ဂိုလ်တွေ စာရင်းထဲကနေပြန် နှုတ်ထွက်တယ်ဆိုတာလည်း ဥပဒေမှာလုပ်လို့မရဘူးလေ။ တကယ်လို့ ဒီအပေါ်မှာပြန်ပြီးတော့မှ ကန့်ကွက်လိုရင် လာမယ့်လွှတ်တော်အစည်းဝေး ကျမှဒီကိစ္စနဲ့ ပက်သက်ပြီးတော့ မဲခွဲဆုံးဖြတ်တဲ့ခါမှာ သူကန့်ကွက်လိုရင်လည်း အဲဒီမှာကန့်ကွက်လို့ရပါတယ် ”ဟု စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဌ ဦးသဲရယ်ကပြောသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲအပြစ်တင်ရန် လက်မှတ်ရေးထိုးတင်ပြခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စာလှယ်( ၅) ဦးထဲမှ နှုုတ်ထွက်ကြောင်း စာတင်ခဲ့ခြင်းနှင့်ပက်သက်၍  ဒီမောဆိုးမြို့နယ် နယ်မြေ (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်အား တာချီလိတ်သတင်းအေဂျင်စီမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
စုံစမ်းစစ်ဆေးရေးအဖွဲ့က လာမည့်အပတ်တွင် ကယားပြည်နယ်ဝန်ကြီးချုပ်အား ခေါ်ယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်က ဥက္ကဌအဖြစ် တာဝန်ယူကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ)နော်အီ၊ ဘောလခဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးစိုးရယ်၊ ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးအောင်ခိုင်စိုးတို့ ပါဝင်ကြောင်း သိရသည်။
စွပ်စွဲပြစ်တင်မှုအား စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် လိုအပ်သူများအားခေါ်ယူမေးမြန်းခြင်း၊ စာရွက်စာတမ်း အထောက်အထားများ တောင်းယူခြင်းများကို လုပ်ခွင့်ရှိပြီး လိုအပ်သည့်နေရာများသို့ သွားရောက်စစ်ဆေးခွင့်လည်းရှိခြင်းဖြစ်သည်။
စွပ်စွဲပြစ်တင်ခံရသူအနေဖြင့် ကိုယ်တိုင်ဖြစ်စေ ကိုယ်စားဖြစ်စေ ချေပခွင့်ရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို နှစ်ပတ်အတွင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်သွင်းရမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~