ကယားပြည်နယ်တွင် COVID 19 ကြောင့် ဆားဈေးမြင့်နေ၍ တိုင်ကြားမှုများရှိနေ

ကယားပြည်နယ်တွင် COVID 19 ကြောင့် ဆားဈေးမြင့်နေ၍ တိုင်ကြားမှုများရှိနေ
မတ် 31, 2020
By Tachileik News Agency

ကယားပြည်နယ်တွင် COVID 19 ကြောင့် ဆားဈေးမြင့်နေ၍ တိုင်ကြားမှုများရှိနေ

ကယားပြည်နယ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်နေသည့် ကာလအတွင်း ကုန်းဈေးနှုန်းများ တိုးမြှင့်ရောင်းချပါက ဆက်သွယ်တိုင်ကြားနိုင်ရန် ထုတ်ပြန်ထားပြီးနောက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆားဈေးနှုန်း တက်နေခြင်းအား ဆက်သွယ် တိုင်ကြားနေမှုများရှိကြောင်း သိရသည်။

COVID-19 ရောဂါ ဖြစ်ပွားနေသည့်အခြေနေတွင် ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချပါက ဆက်သွယ်တိုင်ကြား နိုင်ကြောင်း ကယားပြည်နယ်အစိုးရမှ မတ်လ (၂၆) ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် ပြည်နယ်တွင်း ဆားဈေးနှုန်းများ မြင့်တက်သွားသည့်အပေါ် တိုင်းကြားမှုများရှိကြောင်း ကယားပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှသိရသည်။

ကျွန်မတို့ဌာနကို ဖုန်းတွေဆက်လာကြတယ်။ တိုင်တဲ့ဟာတွေကလည်း ဆားဈေးတက်တာကိုပဲ တိုင်ထားကြတယ် ။ အဓိကကတော့ ဆားပေါ့ ဆားနဲ့ပက်သက်ပြီးတော့ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ အရင်ဆို တစ်ထုပ်ဆိုသုံးရာ၊ ငါးရာဖိုးနှစ်ထုပ်ရတယ် ။ ခုကျတော့ ငါးရာတက်တယ်။ ခုနှစ်ရာ၊ ရှစ်ရာအထိတက်တယ်ပေါ့။ ကျွန်မတို့ သွားစုံစမ်းတဲ့အခါ ဆိုင်တွေကပြောပါတယ် လက်ကျန်တွေ ကုန်သွားပြီး အသစ်မှာရောင်းရတယ်။ မှာကတည်းကိုက လေးကျော်လောက်နဲ့မှာနေရတယ် ဆိုတော့ ဟိုမှာကတည်းက တတ်နေတာမျိုးပေါ့ ။ ဒီလိုဆိုတော့ ဒီကဆိုင်တွေက ငါးရာ၊ ခြောက်ရာရောင်းမှကို ကိုက်မယ်ပေါ့ ။ ဟိုကလာတဲ့ ကာလပေါက်ဈေးအတိုင်းကို ရောင်းရတယ်ပေါ့။ အဲဒီလိုလေးရှိတယ်။ ဒါကြောင့်ကျွန်မတို့ကတော့ အရေးယူတဲ့အပိုင်းတော့မဟုတ်ဘူး ပညာပေးရတာပေါ့ လက်ကျန်တွေများရှိသေးရင် ဈေးနှုန်းမတက်ပါနဲ့ အရင်တိုင်းပဲယူပေးပါလို့တော့ပြောရတာပေါ့ 

ဟု ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဒုပြည်နယ်မှူး ဒေါ်ချိုယုလွင် က ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့က ပြောသည်။

အခြေခံစားသောက်ကုန်ဖြစ်သည့် ဆားဈေးများ တိုးမြှင့်ရောင်းချနေခြင်းများအပေါ် အခြေနေအရ အရေးယူဆောင်ရွက်ခြင်း မရှိသေးသော်လည်း တတ်နိုင်သမျှ ဈေးနှုန်းတိုးမြှင့်မရောင်းချရန် ပညာပေးမှုများ လုပ်ဆောင်နေပြီး ဆန် ဈေးနှုန်းများကိုလည်း နေ့စဉ်စာရင်းကောက်ယူ၍ ဈေးနှုန်းတိုးမြှင့်မှု မရှိစေရန် ပညာပေးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

ကယားပြည်နယ်တွင် ယခင်က ဆားတစ်ထုပ်လျှင် (၃၀၀)ကျပ်နှုန်းဖြင့်သာ ရောင်းချခဲ့ပြီး ယခုတွင် ဆားတစ်ထုပ်လျှင် (၅၀၀)ကျပ်မှ (၈၀၀) ကျပ်ထိဈေးနှုန်းတိုးမြှင့် ရောင်းချမှုများရှိနေပြီး COVID-19ရောဂါ ဖြစ်ပွားမှုများစတင်ခဲ့ပြီးနောက်ပိုင်း ဆားဝယ်ယူရသည့် ပင်ရင်းနေရာများမှ ဈေးမြှင့်မှာယူနေရခြင်းကြောင့် လက်ကားရောင်းရသည့် ဆိုင်များမှာလည်း ဈေးနှုန်းမြှင့်၍ ရောင်းချနေရခြင်းသာ ဖြစ်ကြောင်း လွိုင်ကော်မြို့ မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ဆားဈေးတတက်သွားတာက ပွင့်ပွင့်လင်းလင်းပြောရရင်ဟုတ်တယ်ပေါ့ ။ ကျွန်တော်တို့က ဟိုးပင်ရင်းကမှာရတာ အဲဒီမှာကတည်းက တက်နေတော့ ဒီမှာလည်းတက်ပြီးရောင်းရတဲ့ သဘောပါ။ အရင်လက်ကျန်တုန်းကတော့ ပုံမှန်ဈေးပဲရောင်းတယ်ဗျ။ ထပ်မှာရတဲ့ဟာတွေကျတော့ မြှင့်ပြီးရောင်းရ တော့တာပေါ့။ ဒီဖက်က လူတွေကလည်း တစ်ခုခုဆိုဆားပဲ ဝယ်ပြီးစုကြ သိုလှောင်ကြ ဈေးသည်ဆိုတော့လည်း ဝယ်တဲ့သူကိုရောင်းပေးရတာပဲလေ ။ ခုတောင်ဆိုင်တစ်ချို့မှာ ဆားကဝယ်မရတော့ဘူး ပြတ်နေတာပေါ့

ဟု တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

COVID-19 ရောဂါဖြစ်ပွားသည့် အချိန်မှစ၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန် နှင့် ဆား ဝယ်ယူသိုလှောင် သူများများပြားနေပြီး ဆန်ဈေးမှာ ဆိုင်အချို့တွင်သာဈေးတိုးမြှင့်ရောင်းချနေပြီး ကျန်ဆိုင်များမှာ မူလဈေးများဖြင့်သာ ဝယ်ယူနေရသော်လည်း ဆား မှာဈေးတိုးမြှင့်နေသည့်အပြင် ဈေးဆိုင်များတွင် ဝယ်ယူ၍ မရတော့ဘဲ ပစ္စည်းပျက်လက်နေခြင်းများရှိကြောင်း လွိုင်ကော်မြို့မှ ဒေါ်မေရီကပြောသည်။

ကျွန်မ ဆားသွားဝယ်တာ။ ဟိုဆိုင်မေးလည်း မရှိဘူးကုန်နေတယ် ဒီဆိုင်မေးလည်း ကုန်နေတယ် အဲဒီလိုဖြစ်နေတယ်။ ဒီမှာက ဆားကအဓိကဖြစ်နေကြတယ်။ ကျွန်မအိမ်ဘေးက သူတွေဆို ပိသာလိုက် အိပ်လိုက် ဝယ်စုကုန်ပြီလေ။ ဈေးလည်းခုန်တက်သွားတာမပြောနဲ့ ဆိုင်တွေမှာလည်း ကုန်နေပြီဝယ်မရဘူး

ဟု တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အခြေခံစားကုန်များဖြစ်သည့် ဆန် ၊ဆီ ၊ဆား နှင့်ဆေးဝါးများ ဈေးတိုးမြှင့်ရောင်းချမှုများအား ထိန်းချုပ်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ ဦးဆောင်၍ အခြေခံဈေးနှုန်းများသတ်မှတ်နိုင်ရန် အစည်းဝေးများပြုလုပ်လျှက်ရှိပြီး အစည်းဝေးဆုံးဖြတ်ချက်များ ချမှတ်ပြီးပါက အခြေခံစား ကုန်သောက်ကုန်နှင့်
 ‌ဆေးဝါးများအား ဈေးနှုန်းထိန်းညှိအား လုပ်ဆောင်နိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါဖြစ်ပွားနေသည့် အခြေနေအား အခွင့်ကောင်းယူ၍ ကယားပြည်နယ်တွင် ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်းအားတွေ့ရှိပါက (၀၈၃၂ ၂၂၁ ၀၀၅) နှင့် ( ၀၉၅ ၁၂၀ ၃၀၆) တို့အားဆက်သွယ်တိုင်ကြားနိုင်ကြောင်း မတ်လ (၂၆) ရက်နေ့တွင်ကယားပြည်နယ်အစိုးရမှ ကြေညာထားသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~