ဒီးမော့ဆိုမြို့နယ်အတွင်း PDF နှင့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး PDF တစ်ဦးကျဆုံး

ဒီးမော့ဆိုမြို့နယ်အတွင်း PDF နှင့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး PDF တစ်ဦးကျဆုံး
ဇွန် 6, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ယနေ့ ဇွန်လ(၆)ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွား​နေပြီး PDF တပ်သားတစ်ဦး ကျဆုံးကာ နေအိမ်များလည်း လက်နက်ကြီး ထိမှန်ပျက်ဆီးနေကြောင်းသိရသည်။ 

ဒီးမော့ဆိုမြို့တွင် ဇွန်လ (၆)ရက်နေ့ နံနက်(၆)နာရီကျော်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီ တပ်တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွား​နေပြီး နေ့လည် (၁၂)ရီကျော် အချိန်ခန့်တွင် စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီးထိမှန်ကာ PDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးသွားကြောင်း ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ သတင်းထုတ်ပြန်ထားသည်။ 

"တိုက်ပွဲက ပြင်းထန်တယ်။ ခုချိန်ထိ ဖြစ်နေသေးတယ်။ ရပ်ကွက်ထဲက အိမ်တွေ လက်နက်ကြီးမှန်လို့ အကုန် ပျက်ဆီးနေတာလည်း ရှိတယ်။ စစ်တပ်ဖက်က လက်နက်ကြီးတွေနဲ့ ရမ်းပြီး ပစ်နေတယ် ။"ဟု ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ယနေ့ နံနက်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီဖက်မှ ပြည်သူ့ကာကွယ်ရေးတပ်များရှိနေသည့် နယ်မြေအတွင်းသို့ ကျုးကျော်ဝင်ရောက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေသောကြောင့် လူနေအိမ်များပေါ် ကျရောက်ကာ နေအိမ်များ ပျက်ဆီးနေကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့ တွင် ပြည်သူ့ကာကွယ်ရေးတပ် နှင့် စစ်ကောင်တပ်တို့ နံနက်ပိုင်းမှစ၍ ယခု နေ့လည် (၂)နာရီကျော်ထိ  နှစ်ဖက် တိုက်ပွဲ ပြင်းထန်​နေပြီး PDF ဖက်မှ တပ်သားတစ်ဦး ကျဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိပြီး စစ်တပ်မှ အင်အား အလွန်အကျွံအသုံးပြု၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

Tachileik News Agency

Photo: CJ