ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကျောက်ထုတ်လုပ်ငန်းများ Covid-19 ကာလအတွင်း ရပ်နားထားရသည့် အတွက် ထွေအုပ်နှင့်စည်ပင်သို့ အခွန်ပေးဆောင်ရန် အခက်အခဲဖြစ်နေ

ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကျောက်ထုတ်လုပ်ငန်းများ Covid-19 ကာလအတွင်း ရပ်နားထားရသည့် အတွက် ထွေအုပ်နှင့်စည်ပင်သို့ အခွန်ပေးဆောင်ရန် အခက်အခဲဖြစ်နေ
ဇွန် 18, 2020
By Tachileik News Agency
ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကျောက်ထုတ်လုပ်ငန်းများ Covid-19  ကာလအတွင်း ရပ်နားထားရသည့် အတွက် ထွေအုပ်နှင့်စည်ပင်သို့ အခွန်ပေးဆောင်ရန် အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်ထုတ်လုပ်ငန်းများသည် Covid-19 ကာလအတွင်း လုပ်ငန်းများ ရပ်နားထားရသည့်အတွက် အခွန်အခကောက်ခံမှုများအား အခွန်ဆောင်ရာ၌ သတ်မှတ်နှုန်း အတိုင်းပေးဆောင်နိုင်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

Covid -19 ကာလမှာ လူစုလူဝေး မလုပ်ရတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အတော်များများ ရပ်နားထားကြတဲ့အတွက် ကျောက်တွေလဲ မရောင်းရပါဘူး။ ဒီအထဲ ရာသီဥတုက ဖေါက်ပြန်တော့ အလုပ်ကလဲ နားထားရတာ။ မိသားစု စားဝတ်နေရေးတောင် မနည်းဖြေရှင်းနေရတာ။ အဲ့ဒါကို အခွန်အပြည့် မဆောင်နိုင်ရင် တရားစွဲမယ် ဆိုပြီးပြောနေတော့ အခက်အခဲ ဖြစ်ရပါတယ်။ ​အခွန်ဆောင်ရမယ့် ကာလကို ဖြေလျော့ပေးစေလိုပါတယ်

ဟု ကျောက်မဲရှိ တစ်ပိုင်တစ်နိုင် ကျောက်ထုတ်လုပ်ရေးလုပ်ကိုင်သူတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကျောက်ထုတ်လုပ်ရေး လုပ်ငန်း လုပ်ဆောင်သူများအား ကျောက်ထုတ်လုပ်ငန်းခွင် တစ်ကျင်း ( ၁၀ ပေ × ၁၀ ပေ ) လျှင် အခွန်အခ ကျပ် (၂,၅၀၀)နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။

လုပ်ငန်းအတွက် လျှောက်ထားပြီးပြီဆိုရင်တော့ သတ်မှတ်ကာလအတွင်း ငွေသွင်းရမှာပါ။ အဲ့ဒီကျောက်လုပ်ငန်းတွေက ပေးဆောင်ရတဲ့ အခွန်ငွေတွေက ဘယ်မှာပြန်သုံးလဲဆိုတော့ အစိုးရရဲ့ အကောင့်ထဲ ဝင်သွားတာပါ။

ဟု ကျောက်မဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၈)ရက်တွင် ပြောသည်။

ကျောက်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ဆောင်ကြသူများ အနေဖြင့် မိမိတို့ လျှောက်ထား ထားကြသည့် အကျယ်အဝန်းအလိုက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ နှစ်စဥ်  ကျပ် (၁)သိန်းမှ ကျပ်(၇)သိန်းခွဲအထိ ပေးသွင်းရပြီး အခွန်အပြည့်အဝဆောင်နိုင်သူများမှာ အခွန်ပြေစာရရှိကြကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဇွန်လ (၁၈)ရက်နေ့အထိ ကျောက်မဲမြို့ပေါ်၌ လုပ်ငန်းလုပ်ဆောင်နေသည့်  ကျောက်ကျင်း (၆)ကျင်းရှိရာ (၅)ကျင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အခွန်ပေးဆောင်နေရပြီး ကျန်တစ်ကျင်းမှာ တပ်မတော်ပိုင်နယ်မြေအတွင်း ကျောက်ထုတ်လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်ကျင်း (၁)ကျင်းလျှင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့  တစ်နှစ်စာ အခွန်ဆောင်ရသည့်အပြင် မြို့နယ်စည်ပင်သာယာရေးဌာနသို့ နှစ်စဥ် ကျပ် (၄၀,၀၀၀) မှ (၅၀,၀၀၀) အထိ အခွန်ဆောင်ရပြီး မည်သည့် ဌာနကမှန်း အတိအကျမပြောပြသည့် အရာရှိများက ခရီးထွက်ရန် ခရီးစရိတ်ဟု ဆိုကာ ကြုံသလို လာရောက် အခွန်ကောက်ခြင်းများလဲ ရှိသည်ဟု သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~