PSLF/TNLA က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို  ပထမဆုံး အကြိမ် ကျင်းပ 

PSLF/TNLA က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို  ပထမဆုံး အကြိမ် ကျင်းပ 

 ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း၌ တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၏ အမျိုးသမီးဌာနက ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို  မတ်လ(၈)ရက်နေ့က ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 



အခမ်းအနားကို ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း၊ နမ့်ဆန်မြို့နယ်၊ မန်နောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင် ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်လည်း တက်ရောက်ခဲ့ကာ အမျိုးသမီးများအနေဖြင့် အဖိနှိပ်ခံရသည့် ဘဝကနေ လွှတ်မြောက်ရန် ကြိုးစားဖို့လိုအပ်ကြောင်း  အခမ်းအနားတွင် ထည့်သွင်းပြောဆိုသွားကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။



"အခုလိုမျိုး သူတို့ လုပ်ဆောင်တဲ့ အပေါ်မှာ ကျွန်မတို့ တကယ့်ကို ဝမ်းသာအားရပါတယ်။ တအာင်းဒေသမှာရှိတဲ့ အမျိုးသမီးတွေက နည်းပေါင်းစုံနဲ့ ဒီနေ့ဒီအချိန်ထိ အကြမ်းဖက်ခံနေရတယ်။ ရှေ့ဆက်လည်း သူတို့ အနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်"ဟု အာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)၏ ပြောရေးဆိုခွင့်ရှိသူ လွေးပကျိူဝ်းဇားက ပြောသည်။

၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့က ကျရောက်ခဲ့သည့်  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဒေသတွင်းရှိ နေရာတချို့တွင် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသလို တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေဖြင့်လည်း "ညီမျှခွင့်တူ ဖမ်းဆုပ်ယူ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ် ကျား/မ အခြေပြုအကြမ်းဖက်မှု အဆုံးသတ်၊ တန်းတူညီမျှ ဖက်ဒရယ်ရေး အမျိုးသမီးများ ပါဝင်အလေးပေး"စတဲ့ စာတမ်းများနှင့်အတူ ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။



အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဋ္ဌာနကလည်း စစ်တပ်အာဏာသိမ်းထားသည် (၂)နှစ်တာ ကာလအတွင်း သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီး(၄၈၃)ဦး နှင့်  ဖမ်းဆီးခံထားရသူ (၃၁၂၅)ကျော်ရှိကြောင်း မတ်လ(၈)ရက်နေ့က ထုတ်ပြန်ထားသည်။

 Photo: TNLA