ကယားပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၆၅၂၁) စုအား အခြေခံစားသောက်ကုန် (၅) မျိုး ထောက်ပံ့ပေး

ကယားပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၆၅၂၁) စုအား အခြေခံစားသောက်ကုန် (၅) မျိုး ထောက်ပံ့ပေး
ဧပြီ 11, 2020
By Tachileik News Agency
ကယားပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၆,၅၂၁) စုအား အခြေခံစားသောက်ကုန် (၅) မျိုး ထောက်ပံ့ပေး

ကယားပြည်နယ်တွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၆,၅၂၁)စုအား အခြေခံစားသောက်ကုန်(၅)မျိုးအား ဧပြီလ (၁၀)ရက်နေ့မှစ၍ ထောက်ပံ့ပေးအပ်နေသည်။

“ကျွန်တော်တို့က တကယ့်လက်လုပ်လက်စားတွေအတွက်တော့ သင်္ကြန်ကာလအတွက် ပေးတာပဲ။ ရက်ပေါင်း(၂၀)စာပေါ့။ ဒီစာရင်းတွေကောက်တာလည်း ကျွန်တော်တို့အစိုးရကကောက်တာမဟုတ်ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရယ် အုပ်စုအုပ်ချုပ်ရေးမှူးတွေ ရပ်မိရပ်ဖတွေ ဆယ်အိမ်မှူး ရာအိမ်မှူးတွေ သူတို့သဘောထားမှတ်ချက်တွေကို ဆယ်အိမ်မှူးဆို သူတို့ဆယ်အိမ်ထဲမှာ အခြေခံလူတန်းစားရှိမရှိ သူတို့ပဲသိတယ်လေ။ သူတို့ရဲ့မှတ်တမ်းလေးတွေကို စာရင်းပြုစုထားတာပါ ”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်(Covid-19) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကယားပြည်နယ် (Covid-19)ထိန်းချုပ်ရေးနှင့် အရေးပေးတုန့်ပြန်ရေး ကော်မတီမှ ပြည်နယ်တွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၆,၅၂၁)စု အား ဆန်၊ ဆီ၊ဆား ၊ပဲ ၊ကြက်သွန်နီ တို့အား ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။

 “အခက်အခဲလေးကတော့ ကိုယ့်ဒေသတွင်းရှိတဲ့ပစ္စည်း(၅)မျိုးလုံး ပြည့်ချင်မှပြည့်မှာလေ။ မပြည့်ရင်ချိတ်ရတဲ့ အခက်ခဲလေးတွေပေါ့ ။ ခုချိန်မှာတစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး ဖြစ်နေတော့ မြန်မာနိုင်ငံမှာ လှမ်းမှာတဲ့အခါ တစ်ခါတစ်လေ တိုင်းဒေသကြီးမှာတောင် အဆင်သင့်ရှိချင်မှရှိတာလေ။ လိုအပ်ခဲ့ရင်လည်း နောက်နေ့မှာ ရအောင်လုပ်သွားပေးမယ်။ ဒီချိန်မှာ ဌာနဆိုင်ရာတွေရော ပြည်သူတွေရော သူရယ်ကိုယ်ရယ်လို့မရှိတော့ဘူး။ အားလုံးကတကယ့်မေတ္တာစေတနာမှန်နဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုတော့ တကယ့်ဂုဏ်ယူစရာ ကိစ္စတစ်ခုပါ ”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကသတင်းမီဒီယာများအား ပြောသည်။

ကယားပြည်နယ်တွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ် အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၁၀)ရက်နေ့တွင် အပြီးပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့ဒီလိုအချိန်မှာ ထောက်ပံ့ပေးတော့ အတိုင်းအတာ တစ်ခုထိတော့ အဆင်ပြေသွားတာပေါ့ ။ နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါတယ်။ အများကြီးမဟုတ်ပေမဲ့ တတ်နိုင်သလောက်ကြည့်ပေးတာတော့ ကျေးဇူးတင်ရမှာပေါ့ ” ဟု လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက်မှ ဦးဝီစတင်းရှို ကပြောသည်။

ကယားပြည်နယ်တွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်စားအိမ်ထောင်စုများအား စားရင်းကောက်ယူထားချက်အရ လွိုင်ကော်မြို့နယ်တွင် (၆၈၃၁) စု၊ ဒီးမော့ဆိုမြို့နယ်တွင် အ(၅၇၄၁)စု ၊ ဖရူဆိုမြို့နယ်တွင် (၁၁၇၃)စု၊ ဘောလခဲမြို့နယ်တွင်(၄၇၈)စု၊ ဖားဆောင်းမြို့နယ်တွင်(၁၀၈၃)စု၊ မယ်စဲ့မြို့နယ်တွင် (၉၇၁)စု နှင့် ရှားတောမြို့နယ်တွင် (၂၂၄) စုအား အခြေခံစားသောက်ကုန် (၅)မျိုးအား ဧပြီလ (၁၀)ရက်နေ့တွင် အပြီးထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~