ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ထိုးတင်ပြ

ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ထိုးတင်ပြ
သြဂုတ် 20, 2020
By Tachileik News Agency
ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ထိုးတင်ပြ
ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ်  လေးပုံတစ်ပုံက လက်မှတ်ရေးထိုးတင်ပြခဲ့သောကြောင့်  ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) ၊ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်များကို  ဖောက်ဖျက်ကျူးလွန်သဖြင့်  ပြည်နယ်လွှတ်တော်ဥက္ကဌ မှ အရေးယူဆောင်ရွက်ပေးရန်ဟု ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက လက်မှတ်ရေးထိုး တင်ပြလာ၍ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ  (၁၄) ရက်နေ့တွင်  စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌ ဦးသဲရယ်ကပြောသည်။
 “စွပ်စွဲအပြစ်တင်ရခြင်း အကြောင်းရင်းနှစ်ခု ရှိပါတယ်။ အဲဒါကတော့ စက်ယန္တရားကိစ္စရယ်၊ တစ်ခုက ကယားဒေး ပွဲတော်ကျင်းပရေးမြေနေရာ အမည်ပေါက်လုပ်ပေးဖို့ပေါ့နော်။  ဖော်ဆောင်ပေးဖို့ဆိုတဲ့ အဆိုကိစ္စ အဓိကဒီနှစ်ခုပေါ့။ လွှတ်တော်ကိုယ်စားလှယ်ရဲ့  လေးပုံတစ်ပုံလက်မှတ်ထိုးပြီးတော့ ဥက္ကဌဆီကို စွပ်စွဲအပြစ်တင်ပြီးတော့မှ အရေးယူပေးဖို့ တင်တာပေါ့နော်။ လွှတ်တော်ဥက္ကဌကနေ စုံစစ်ဆေးရေးအတွက်ကို ကော်မတီဖွဲ့တယ်။ ကော်မတီဖွဲ့တဲ့နေရာမှာ ကျွန်တော့်ကို ဥက္ကဌအဖြစ် တာဝန်ပေးထားခြင်းခံရတာပေါ့” ဟု ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စုံစမ်းစစ်ဆေးရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်က ဥက္ကဌအဖြစ် တာဝန်ယူကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ)နော်အီ၊ ဘောလခဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ခူးစိုးရယ်၊ ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်  ဗိုလ်မှုးအောင်ခိုင်စိုးတို့ ပါဝင်ကြောင်း သိရသည်။
ကယားပြည်နယ်နေ့ကျင်းပရာ မြေနေရာကို စီးပွားရေးလုပ်ငန်း မဆောင်ရွက်ဘဲ အများပြည်သူပိုင် မြေနေရာအဖြစ် ထားရှိရေးအဆိုအား  လိုက်နာခြင်းမရှိဘဲ  မြေငှားရမ်း၍ စီးပွားရေးလုပ်ငန်းများ  ပြုလုပ်ခွင့်ပေးနေခြင်းနှင့် ပြီးခဲ့သည့် အစိုးရလက်ထက်က ဝယ်ယူထားသော စက်ယန္တရား (၁၈)စီးအား ငှားရမ်းထားရာမှ ရရှိသည့်ငွေများကို  ပြည်သူ့ဘဏ္ဍာငွေစာရင်းသို့ ထည့်သွင်းခြင်းမပြုဘဲ သီးခြားစာရင်းဖွင့်၍ ရန်ပုံငွေသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိထားသည်ဟု  သိရသည်။
“အရင်အစိုးရလက်ထက်မှာကတည်းက ဝယ်ယူထားတဲ့ စက်ယန္တရား(၁၈)စီးရှိတာပေါ့နော်။ အဲဒီဝယ်ယူထားတဲ့ စက်ယန္တရားကို ဒီဖက်အစိုးရလက်ထက်မှာ လွှဲပြောင်းတဲ့ကိစ္စပေါ့။ လွှဲပြောင်းတဲ့အခါမှာ စာချုပ်စာတမ်းနဲ့ လွှဲပြောင်းတာမဟုတ်ဘူး။  အဲဒီစက်ယန္တရား (၁၈)စီးရဲ့ငှားရမ်းခတွေကလည်း ပြည်သူ့ဘဏ္ဍာငွေထဲ မသွင်းဘူးပေါ့နော် ။ အပြင်မှာပဲ ဖိုင်တစ်ခုဖွင့်ပြီးတော့မှ ဝန်ကြီးချုပ်က ရန်ပုံငွေတွေအသုံးပြုတာကိုလည်း ကျွန်တော်တို့စာရင်းစစ်ရဲ့ အစီရင်ခံစာမှာတွေ့ရှိရတယ်။”ဟု စုံးစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးသဲရယ် က ပြောသည်။
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ စက်ယန္တရား(၁၈)စီး ငှားရမ်းထားရာမှရရှိသည့် ငွေကျပ်သိန်း(၄,၀၀၀) နီးပါးအား ပြည်သူ့ဘဏ္ဍာငွေစာရင်းတွင် မထည့်သွင်းဘဲ သီးခြားရန်ပုံငွေစာရင်းအဖြစ် ထားရှိသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်နေ့ကျင်းပရာမြေနေရာအား အများပြည်သူပိုင်မြေနေရာအဖြစ် ထားရှိရေးအား လွှတ်တော်တွင်အတည်ပြုထားပြီးဖြစ်ကာ  အဆိုပါမြေနေရာရှိ ဟိုတယ်လုပ်ငန်းနှင့် ရေလွှာလျှောစီး လုပ်ငန်းများ လုပ်ဆောင်ထားခြင်းကို ဖယ်ရှားခိုင်းခဲ့သော်လည်း ယခုအခါ လုပ်ငန်းများပြန်လည် စတင်လုပ်ဆောင်နေကြောင်း သိရသည်။
“ဥပဒေကိုတကယ်ပဲ ချိုးဖောက်တယ်၊ မချိုးဖောက်ဘူး ဆိုတာကတော့ဒါ ကျွန်တော်တို့ ဝန်ကြီးချုပ်ကိုခေါ်ယူစစ်ဆေးတဲ့အခါမှပဲ သိလာမှာပေါ့လေ။ လောလောဆယ်မှာတော့ ကျွန်တော်တို့လိုအပ်တဲ့ဌာနတွေ စာရင်းစစ်ချုပ်ကို ထပ်ပြီး ခေါ်ယူပြီးတော့မှ မေးမြန်းတယ် အချက်လက်တွေထပ်ပြီးတော့မှတောင်း ထားတယ်။ နောက်အပတ်ကျရင်တော့ ကျွန်တော်တို့ ဝန်ကြီးချုပ်ကိုစစ်ဆေးဖို့အတွက် ကျွန်တော်တို့ ခေါ်ယူပြီးဖြစ်ပါတယ် ”ဟု ဦးသဲရယ်က ပြောသည်။
စွပ်စွဲပြစ်တင်မှုအား စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် လိုအပ်သူများအားခေါ်ယူမေးမြန်းခြင်း၊ စာရွက်စာတမ်း အထောက်အထားများ တောင်းယူခြင်းများကို လုပ်ခွင့်ရှိပြီး လိုအပ်သည့်နေရာများသို့ သွားရောက်စစ်ဆေးခွင့်လည်းရှိခြင်းဖြစ်သည်။
စွပ်စွဲပြစ်တင်ခံရသူအနေဖြင့်  ကိုယ်တိုင်ဖြစ်စေ ကိုယ်စားဖြစ်စေ ချေပခွင့်ရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို နှစ်ပတ်အတွင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်သွင်းရမည်ဖြစ်သည်။
 Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~