တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရှမ်းပြည်နယ်က ရွှေတံဆိပ် (၄၁)ခု ရရှိထားပြီး ဆက်လက်ယှဉ်ပြိုင်နေ

တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရှမ်းပြည်နယ်က ရွှေတံဆိပ် (၄၁)ခု ရရှိထားပြီး ဆက်လက်ယှဉ်ပြိုင်နေ
ဇန်နဝါရီ 28, 2020
By Tachileik News Agency
တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရှမ်းပြည်နယ်က ရွှေတံဆိပ် (၄၁)ခု ရရှိထားပြီး ဆက်လက်ယှဉ်ပြိုင်နေ

၂၀၁၈ - ၂၀၁၉ ရှမ်းပြည်နယ်၏ အားကစားဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲထားသည့် ယခုနှစ်တွင် တိုင်းဒေသကြီး နှင့်ပြည်နယ်အားကစားပြိုင်ပွဲများ၌ ရှမ်းပြည်နယ်က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့အထိ ယှဉ်ပြိုင်ပြီး ပွဲများတွင် ရွှေတံဆိပ် (၄၁) ခုရရှိထားပြီး ကျန်ပွဲများဆက်လက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

“မနှစ်ကတော့ တိုင်းနဲ့ပြည်နယ်အားကစားမှာ အဆင့် (၄) ရတယ်။  ရွှေတံဆိပ်က (၂၈) ခုရခဲ့တာ။ ဒီနှစ်ကတော့ ပွဲကမပြီးသေးဘူး ရွှေတံဆိပ် (၄၁) ခု ရထားပြီ”

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်၏ အားကစားရန်ပုံငွေကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် (၁.၅)ဘီလျံ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် (၂.၅)ဘီလျံ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် (၃.၈)ဘီလျံအထိ တိုးမြှင့်ခွင့်ပြုပေးထားခဲ့ရာ လိုအပ်သည့် အားကစားကွင်းများ တည်ဆောက်ခြင်းနှင့် အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ခြင်းများကို လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနှစ် (၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်) က Camp နည်းနည်းသေချာသွင်းပေးလိုက်နိုင်တယ်။ ခါတိုင်းနှစ်တွေကတော့ ဘတ်ဂျက်က နည်းနည်း နည်းတော့ ကလေးတွေကို စားရေးသောက်ရေး သွားရေးလာရေးက များများ မပေးနိုင်တော့ ကပ်ပြီးတော့ လူရွေးပွဲလုပ်တယ်။ ကပ်ပြီးတော့ သွားပြိုင်တယ်ပေါ့။ ဒီနှစ်ကတော့ မြို့နယ်အဆင့်၊ ခရိုင်၊ ပြည်နယ်အဆင့် ဘတ်ဂျက်တွေ တိုးရတော့ ပြေးခုန်ပစ်ဆိုရင် သုံးပတ်၊ လေးပတ်လောက် Camp သွင်းပေးလိုက်နိုင်တယ်။ အဓိကကတော့ Camp သွင်းတာမှာ အားကာသိပ္ပံက နည်းပြဆရာတွေကလည်း ပြပေးတာ။ နောက်တစ်ခုက နေပြည်တော်မှာ သွားပြိုင်ရတဲ့ကွင်းက စနစ်သစ်ကွင်းလေ။ ကျွန်တော်တို့ ပြည်နယ်မှာက မြေကြီးကွင်းမှာ ပြေးရတာကိုး။ အဲဒီအခါကျတော့ ကလေးတွေက ဟိုရောက်ရင် ပြေးတဲ့ဖိနပ်ကအစ မတူတဲ့အခါကျတော့ အဲဒါလည်း ပြဿနာတွေ ရှိတာပေါ့။  ဒီနှစ်ကတော့ ကျွန်တော်တို့ဆီမှာ စနစ်သစ်ကွင်းကလည်း ပြီးသွားပြီဆိုတော့ အဲဒါလေးကလည်း အားသာချက်ပေါ့”

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်သည် ၂၀၁၆ ခုနှစ် တိုင်းနှင့်ပြည်နယ်အားကစားပြိုင်ပွဲ၌ စတုတ္ထ၊ ၂၀၁၇ ခုနှစ်ပြိုင်ပွဲတွင် တတိယ၊ ၂၀၁၈ ခုနှစ်တွင် စတုတ္ထရရှိခဲ့ခြင်းဖြစ်သည်။

အားကစားနည်းများတွင် ရှမ်းပြည်နယ်က ဘော်လီဘော၊ ဘတ်စကတ်ဘောနှင့် ပြေးခုန်ပစ်အားကစားများတွင် အားသာသည့်အနေအထားတွင် ရှိနေပြီး ရေကူးအားကစားနည်းတွင် အားအနည်းဆုံးဖြစ်ကြောင်း သိရသည်။

လာမယ့်ဘဏ္ဍာနှစ်အတွက် အားကစားကဏ္ဍတွင် (၄)ဘီလျံကျော် ခွင့်ပြုပေးရန်တင်ပြတောင်းခံထားပြီး ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအနည်းငယ်သာ ဆောင်ရွက်ပေးနိုင်ခဲ့သည့် မြို့နယ်များကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း  - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~