ရှမ်းပြည်နယ်အတွင်း ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့တွင် (၅)ရက်တာအတွင်း ဘိန်းခင်း ဧက(၃၄၀) ကျော် ရှာဖွေကာ စုပေါင်းဖျက်ဆီး

ရှမ်းပြည်နယ်အတွင်း ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့တွင် (၅)ရက်တာအတွင်း ဘိန်းခင်း ဧက(၃၄၀) ကျော် ရှာဖွေကာ စုပေါင်းဖျက်ဆီး
နိုဝင်ဘာ 29, 2019
By Tachileik News Agency

ရှမ်းပြည်နယ်ရှိ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် ဘိန်းစိုက်ခင်းများ ရှာဖွေဖျက်ဆီးမှု (၅)ရက်တာကာလအတွင်း ဘိန်းစိုက်ခင်း (၃၄၁.၅) ဧကကို တွေ့ရှိဖျက်ဆီးထားပြီးဖြစ်ကြောင်းသိရသည်။

နယ်မြေခံ တပ်မတော်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေဖျက်စီးခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းခင်းရှာဖွေဖျက်ဆီးသည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၌ ပင်လောင်းမြို့နယ်အတွင်းရှိ ပေါ့အင်းကျေးရွာအုပ်စု၊ လွယ်အယ်ကျေးရွာ၏ အနောက်မြောက်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၁၁) ဧက၊ စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်ကျေးရွာ၏ အနောက်တောင်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၃၄) ဧက ကိုလည်းကောင်း၊ နိုဝင်ဘာ (၂၅) ရက်တွင် ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ပက္ကော်ကြီးကျေးရွာ၏တောင်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၁၅) ဧက၊ ထီပေါင်းကျေးရွာအုပ်စု၊ ပြင်သာကျေးရွာ၏ အရှေ့ မြောက်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၃၄.၅) ဧက၊ ဖယ်ခုံမြို့နယ်၊ ရီလုံရီကန် ကျေးရွာအုပ်စု၊ လပင်နွဲ့ကျေးရွာ၏ အနောက်တောင်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၁၀) ဧကကို ဖျက်ဆီးခဲ့ကြသည်။

နိုဝင်ဘာ (၂၆) ရက်တွင် ပင်လောင်းမြို့နယ်၊ မွှေးပင်ကျေးရွာအုပ်စု၊ ငှက်ပျောပင်ကျေးရွာ၏ အနောက်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၂၅) ဧက၊ စင်းတောင်းကျေးရွာအုပ်စု၊ ထီတလိကျေးရွာ၏ အနောက်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၃၅) ဧက၊ ဖယ်ခုံမြို့နယ်၊ ရီလုံရီကန် ကျေးရွာအုပ်စု၊ လွယ်ယင်းကျေးရွာ၏ အနောက်မြောက်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၁၇) ဧကကိုလည်း စုပေါင်း ဖျက်ဆီးခဲ့ကြသည်။

ဆက်လက်၍ နိုဝင်ဘာ (၂၇) ရက်တွင် ပင်လောင်းမြို့နယ်၊ မွှေးပြင်ကျေးရွာအုပ်စု၊ ခနွဲကျေးရွာ၏အနောက်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၂၇) ဧက၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ ကောင်ထိုကျေးရွာ၏ အနောက်မြောက်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၃၅.၅) ဧက၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဆိုင်ခွန်ကျေးရွာ၏ အရှေ့ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၂၆) ဧကကိုလည်းကောင်း၊  နိုဝင်ဘာ (၂၈) ရက်တွင် ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ အင်းနီကျေးရွာ၏အနောက်တောင်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၂၀) ဧက၊ လိန်းညားကျေးရွာအုပ်စု၊ တခါးယဉ်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း ၃၃.၅ ဧက၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဘန်းမိုက်ကျေးရွာ၏ တောင်ဘက်တွင် စိုက်ပျိုးထားသော ဘိန်းခင်း (၁၆) ဧက၊ စုစုပေါင်း (၃၄၁.၅) ဧကကို ရှာဖွေဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီတွင် ပင်လောင်းမြို့နယ်အတွင်း အောက်တိုဘာလ (၂၉) ရက်မှ နိုဝင်ဘာလ (၂၈) ရက်အထိ ဘိန်းခင်း (၅၄၀) ဧကနှင့် ဖယ်ခုံမြို့နယ်အတွင်း အောက်တိုဘာလ (၂၈) ရက်မှ နိုဝင်ဘာလ (၂၈) ရက်အထိ ဘိန်းခင်း (၂၀၈) ဧက တို့ကို ရှာဖွေဖျက်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တရားဝင်သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ပြည်ထဲရေး




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~