ရှမ်းပြည်နယ်အတွင်း ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အစီအစဉ်များ ထပ်တိုး

ရှမ်းပြည်နယ်အတွင်း ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အစီအစဉ်များ ထပ်တိုး
နိုဝင်ဘာ 26, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း လူထုလမ်းလျှောက်အားကစားကို ကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ်များနှင့်အတူ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကုန်မှစ၍ မြို့နယ်များအလိုက် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဦးဆောင်စီစဉ်မှုဖြင့် ဒီဇင်ဘာလကုန်ထိ လုပ်ဆောင်သွားမည်ဖြစ်သည်။

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် ယခင်နှစ်များက ဒီဇင်ဘာလ၏ စနေနေ့တိုင်း လမ်းလျှောက်အားကစား လုပ်ဆောင်ခြင်းဖြစ်သော်လည်း ၂၀၁၉ ခုနှစ်တွင် စနေနေ့တိုင်း လမ်းလျှောက်ပြီးချိန်၌ ကိုယ်လက်လှုပ်ရှား အားကစားများ ဆက်လက်လုပ်ဆောင်ခြင်းအပြင် မြို့နယ်များအားလုံးတွင် ကျင်းပနိုင်ရေးအတွက် အချို့မြို့များ၌ တနင်္ဂနွေနေ့တွင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 “အဓိက ကတော့ ကိုယ်လက်လှုပ်ရှားမှုနည်းလာတယ်။ အဲဒီရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကတော့ ရောဂါတွေ အများကြီးရှိလာတယ်။ အဲဒါတွေအတွက်လည်း အကျိုးဖြစ်အောင်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် စီစဉ်ထားပါတယ်။ အားကာဌာနမှူးတွေရှိတဲ့ မြို့နယ်ပေါင်း (၄၅) မြို့နယ်ရှိတယ်။ အားကာမှူးမရှိတဲ့ မြို့နယ်က (၁၀) ခုလောက်ရှိတယ်။ အဲဒီမြို့နယ်တွေအတွက်ကတော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တာဝန်ယူပြီး အကောင်အထည်ဖေါ်ပေးဖို့ပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း (၅၅)မြို့နယ်ရှိသည့်အနက် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူးရှိသည့် မြို့နယ် (၄၅) ခုတွင် သက်ဆိုင်ရာ အားကစားမှူးများက ဦးဆောင်စီစဉ်ရမည်ဖြစ်ပြီး အားကစားမှူးမရှိသည့် မြို့နယ် (၁၀) ခုတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဦးဆောင်စီစဉ်ရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net