စေတနာရှင်များ လှူဒါန်းထားသည့် ကျပ်(၉၄)သန်းကျော်ကို တစ်အိမ်ထောင်စုလျှင် (၁)သန်းနှုန်းဖြင့် ထောက်ပံ့မည်

စေတနာရှင်များ လှူဒါန်းထားသည့် ကျပ်(၉၄)သန်းကျော်ကို တစ်အိမ်ထောင်စုလျှင် (၁)သန်းနှုန်းဖြင့် ထောက်ပံ့မည်
သြဂုတ် 19, 2015
By Tachileik News Agency

သြဂုတ်လ(၄)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး၊ ရေကြီးရေလျှံမှုကြောင့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာများအတွင်း နေအိမ်များ ယိုင်လဲသွားခြင်း၊ ရေထဲမျောပါသွားခြင်း စသည်တို့မှ ထွက်ပေါ်လာသော ရေဘေးသင့်ပြည်သူများ အတွက် စေတနာရှင် ပြည်သူများမှ တာချီလိတ် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတို့တွင် လာရောက်လှူဒါန်းကြသည့် အလှူငွေများမှာ ကျပ်သန်းပေါင်း(၉၄)သန်းနှင့်
(၇၂၅,၉၀၁)ကျပ် ရှိပြီဖြစ်ကြောင်း သိရသည်။

"အခုလို အလှူရှင်များက လှူဒါန်းထားတဲ့ ငွေတွေကို ရေဘေးသင့်ပြည်သူတွေဆီ အကုန်ပေးအပ်မှာပါ၊ အဲ့လိုပေးအပ်တဲ့အခါမှာလည်း အိမ်ထဲရေ၀င်တာတို့၊ အိမ်ထဲက ပစ္စည်းအနည်းအငယ် ပျက်စီးတာတို့တော့ မပါပါဘူး၊ ယိုင်လဲသွားတာတွေ၊ ရေထဲမျောပါသွားတာတွေ၊ တော်တော်များများ ပျက်စီးသွားတာကို အဓိကထား ဦးစားပေးပြီး ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပါတယ်..."ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ပြောသည်။

အဆိုပါ ငွေကြေးများကို ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် အိမ်ထောင်စု တစ်စုလျှင် ကျပ်(၁)သန်းနှုန်းဖြင့် သြဂုတ်လ(၁၉)ရက်နေ့ နေ့လည်ပိုင်းမှာ ထောက်ပံ့ပစ္စည်းများနှင့်အတူ သွားရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

( တာချီလိတ် ခရိုင်/မြို့နယ် ရုံးတွင် 
လာရောက်လှူဒါန်းကြသည့် အလှူငွေများ စာရင်း )

ရရှိထားသော အလှူငွေ ကျပ်သန်းပေါင်း(၉၄)သန်းကျော်တွင် KBZ Bank မှ လှူဒါန်းထားသည့် ကျပ်(၃၇)သန်း အပါအ၀င်ဖြစ်ပြီး ကျန်ရှိသည့်အလှူငွေများမှာ တာချီလိတ်မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ နယ်ဝေးမှ စေတနာရှင်များ၏ အလှူငွေများ ပါဝင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~