ဆိုင်ကယ်တက္ကစီမောင်းသူများ ဘေးအန္တရာယ်ကင်းရေး ရဲတပ်ဖွဲ့မှ အသိပညာပေး

ဆိုင်ကယ်တက္ကစီမောင်းသူများ ဘေးအန္တရာယ်ကင်းရေး ရဲတပ်ဖွဲ့မှ အသိပညာပေး
ဇူလိုင် 3, 2015
By Tachileik News Agency

ဆိုင်ကယ် တက္ကစီမောင်းသူများ၏ ဘ၀လုံခြုံမှု ရှိစေရေးနှင့် ပြစ်မှုကျူးလွန်ထားသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဖေါ်ထုတ်နိုင်ရန် တာချီလိတ်မြို့နယ် ဓမ္မာရုံတွင် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ဇူလိုင်လ(၃)ရက်နေ့တွင် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီ မောင်းသူများအား မှုခင်းဆိုင်ရာ အသိပညာပေးအဖြစ် ဟောပြောခဲ့ကြောင်း သိရသည်။

"အခု မြို့ပေါ်မှာ ငွေကြေး လိုအပ်တဲ့သူတွေက ဒုစရိုက်မှု ကျူးလွန်တော့မယ်ဆိုရင် ဆိုင်ကယ်တက္ကစီသမားတွေကို ပစ်မှတ်ထားနေသလို ဖြစ်နေပြီ ဒါကြောင့် ဆိုင်ကယ်သမား အချင်းချင်း စည်းလုံးဖို့လိုတယ်၊ ခရီးဝေး ပို့ရတော့မယ်ဆိုရင် ခရီးသည်ကို ဓါတ်ပုံရိုက်ထားသင့်တယ်.."ဟု တာချီလိတ်မြို့မရဲစခန်းမှူးမှ ပြောကြားသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေးအတွက် သက်သေများ လိုအပ်ကြောင်း ထို့ကြောင့် ဆိုင်ကယ်ငှါးရမ်း စီးနင်းသူများအား ဓါတ်ပုံရိုက်ထားလျှင် ပြစ်မှုကျူးလွန်ပါက အရေးကြီးသော သက်သေဖြစ်ကြောင်း၊ ယခင် မိုင်းဖြတ်လမ်းတွင် ဆိုင်ကယ်တက္ကစီသမားအား သတ်ဖြတ်သွားသော အမှုတွင် သက်သေရှင်းလင်းစွာ မတင်ပြနိုင်ခြင်းကြောင့် စစ်ဆေးလျှက်သာရှိကြောင်း ၎င်းမှ ပြောကြားခဲ့သည်။

ဂိတ်များတွင် အငှါးဆိုင်ကယ်များမှာ အလှည့်ကျစနစ်ဖြင့် ထွက်ရခြင်းကြောင့် မိမိ ခရီးဝေးသို့ လိုက်လံ ပို့ဆောင်ပါက အနီးရှိသူအား မည်သည့်ခရီးကို သွားမည်ဖြစ်ကြောင်းကို ပြောဆိုပြီးမှ သွားသင့်ကြောင်း သို့မှသာ အချိန်တန်၍ ပြန်လည် မရောက်ရှိပါက ပြစ်မှုဖြစ်ပွားမှုကို သိရှိနိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါက အချိန်ကြာမြင့်မှ သိရှိခြင်းကြောင့် မှုခင်းအား ဖေါ်ထုတ်ရန် ခက်ခဲသွားနိုင်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးက ထပ်မံ ရှင်းလင်းပြောကြားခဲ့သည်။

တာချီလိတ်မြို့ပေါ်တွင် အငှါးဆိုင်ကယ်ပြေးဆွဲသူ စုစုပေါင်း(၁၀၀၀)ကျော်ရှိကြောင်း နှင့် ဂိတ်ပေါင်း (၆၀)ကျော်ရှိကြောင်း သိရပြီး ရွှေတာချီခရီးသွားလုပ်ငန်း အမည်ဖြင့် လုပ်ကိုင်ကာ လူမှုရေးလုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ် တက္ကစီမောင်းသူများအား ခရီးဝေးခေါ်ဆောင်ကာ လူသတ် ဆိုင်ကယ်လုယက်သည့် အမှုပေါင်း(၄)မှုဖြစ်ပွားခဲ့ကြောင်း သိရပြီး မိုင်းဆတ်လမ်းပေါ်တွင် သတ်ဖြတ်မှုနှင့် ၂၀၁၅ ဇွန်လ(၂၈)ရက်နေ့တွင် ဝေလှေလန်ရွာသွားလမ်းပေါ်၌ သတ်ဖြတ်ခဲ့သော (၂)မှုအား ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး၊ တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စု လမ်းမကြီးပေါ် မိုင်းဖြတ်မြို့အနီး တာချီလိတ်မှ ဆိုင်ကယ် တက္ကစီသမားတစ်ဦးကို သတ်ဖြတ်သည့် ဆိုင်ကယ်လုယူမှု (၁)မှုအား စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း အပြင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်၍ ဆိုင်ကယ်လုယူကာ ရေတွင်းအတွင်း အလောင်းအား ပစ်ချထားခဲ့သော အမှု(၁)မှုအား ယနေ့အထိ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သတင်း။ ။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~