မိုးရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ လူနေအိမ်လေးလုံးပျက်စီးမှု မိုင်းယောင်းတွင် ဖြစ်ပွား

မိုးရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ လူနေအိမ်လေးလုံးပျက်စီးမှု မိုင်းယောင်းတွင် ဖြစ်ပွား
နိုဝင်ဘာ 11, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် နိုဝင်ဘာ (၁၀) ရက်နေ့က မိုးရွာသွန်းမှုကြောင့် နမ့်ယောင်းချောင်းရေကြီးကာ မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာမှ လူနေအိမ်(၃)လုံးနှင့် ယာဉ်တစ်စီးရေနစ်မြုပ်ပျက်စီးပြီး နေအိမ်တစ်လုံးရေမျောသွားကြောင်း တာချီလိတ်ခရိုင် ပြန်/ဆက်မှ သိရသည်။

ရေကြီးရေလျှံမှု ဖြစ်ပွားရာသို့ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်နှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးပြီး ရေဘေးသင့် အိမ်ထောင်စု(၄)စုအား ကျေးရွာရှိ နီးစပ်ရာ ဆွေမျိုးနေအိမ်များ၌ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ်(၅၄)သိန်းခန့်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်(၅)နာရီမှ စ၍ တောင်ကျရေများနှင့်အတူ ရေကြီးရေလျှံမှု ဖြစ်ပွားရာ တာလေ - ကျိုင်းလပ်လမ်းအား လတ်တလောတွင် အသုံးပြု၍ ရမည်မဟုတ်ဘဲ ရှောင်ကွင်းလမ်း ပြုလုပ်ပြီးမှသာ သွားလာနိုင်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဓာတ်ပုံ - မိုင်းယောင်းပြန်ဆက်

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~