ထိုင်းနိုင်ငံဘက်မှ တာချီလိတ်သို့ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသား (၁၆)ဦး လွှဲပြောင်း

ထိုင်းနိုင်ငံဘက်မှ တာချီလိတ်သို့ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသား (၁၆)ဦး လွှဲပြောင်း
နိုဝင်ဘာ 30, 2015
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း တရားမ၀င် သွားရောက်ကာ အထောက်အထားမဲ့ အလုပ် လုပ်ကိုင်နေကြသူများကို ဖမ်းဆီးကာ သက်ဆိုင်ရာ နိုင်ငံသို့ ထိုင်းအာဏာပိုင်များမှ ပြန်လည် ပို့နေလျက်ရှိရာ ယနေ့ နိုဝင်ဘာလ(၃၀)ရက်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံသား (၁၆)ဦးကို တာချီလိတ်ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတားတွင် လာရောက် လွှဲပြောင်းလာကြောင်း သိရသည်။

"အခု လွှဲပြောင်းလာတဲ့ အထဲမှာတော့ ရှမ်းပြည်နယ်အတွင်းက အမျိုးသား(၉)ဦး နဲ့ အမျိုးသမီး(၂)ဦး စုစုပေါင်း (၁၁)ဦးပါတယ်၊ ထိုင်းဘက်ကတော့ အပတ်စဉ်လိုလိုပါပဲ၊ အခုလို ပြန်လည်လွှဲပြောင်းလာတာပါ၊ ကျွန်တော်တို့ ဘက်ကတော့ ဒီလို လွှဲပြောင်းလာတဲ့အခါမှာ ပါလာတဲ့ လူတွေဟာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဆိုတာကိုတော့ စစ်ဆေးရပါတယ်၊ မြန်မာနိုင်ငံသား မဟုတ်ရင်တော့ ထိုင်းဘက်ကို ပြန်ပို့လိုက်ပါတယ်.."ဟု မြန်မာဘက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ထိုင်းဘက်မှ လာရောက် လွှဲပြောင်းသွားရာတွင် ကချင်ပြည်နယ်မှ အမျိုးသား(၁)ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသား(၁)ဦး၊ ရှမ်း(အရှေ့)မှ အမျိုးသား(၃)ဦး၊ ရှမ်း(တောင်)မှ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၁)ဦး၊ ရှမ်း(မြောက်)မှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး နှင့် မကွေးတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး စုစုပေါင်း အမျိုးသား(၁၃)ဦး နှင့် အမျိုးသမီး(၃)ဦး ပေါင်း (၁၆)ဦး ပါဝင်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ ကိုငယ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~