တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၁) တံတားပေါ်မှ အကျည်းတန် မြင်ကွင်းများအား အမြန်ဆုံး ပြင်ပြုရန် လိုအပ်နေ

တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၁) တံတားပေါ်မှ အကျည်းတန် မြင်ကွင်းများအား အမြန်ဆုံး ပြင်ပြုရန် လိုအပ်နေ
ဇန်နဝါရီ 23, 2015
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တို့ ဆက်သွယ်ထားသော အမှတ်(၁)ချစ်ကြည်ရေး တံတားပေါ်တွင် အမြင်မသင့်တော်သည့် ပျက်စီးယိုယွင်းနေသော အဆောက်အဦနှင့် တံတား လက်ရန်းများနှင့် ဈေးရောင်းချသူများအား စည်းကမ်းရှိရန်၊ စည်းကမ်းမဲ့စွာ ရပ်ထားသော ကား၊ ဆိုင်ကယ်များအား တာဝန်သိအများပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံးဆောင်ရွက်နိုင်ရန် လိုအပ်နေကြောင်း ဒေသခံပြည်သူများမှ ပြောဆိုနေကြသည်။
“သူများနိုင်ငံကို ၀င်သွားရင် သန့်ရှင်းပြီး သပ်ရပ်နေတာ ကျွန်တော်တို့ နိုင်ငံထဲကို ပြန်ဝင်လာရင် ကွမ်းတံတွေးတွေ၊ တံတားတစ်လျှောက် လက်ရန်းဘောင်တွေက၊ တံတားပေါ်တစ်လျှောက် အမှိုက်တွေနဲ့ ရှုပ်ပွနေတာဘဲ၊ တံတားပေါ်က အဆောက်အဦတွေဆိုလဲ သံချေးတွေကိုက်ပြီး အမြင်မသင့်တော်ဘူး”ဟု တာချီလိတ် ဒေသခံတစ်ဦးမှပြောသည်။
ထိုင်း - မြန်မာချစ်ကြည်ရေးတံတားဖြစ်သည့် အတွက် မြန်မာလူမျိုးများ ဂုဏ်ငယ်စေသော မြင်ကွင်းများနှင့် စည်းကမ်းမဲ့စွာ ရပ်ထားသော ဆိုင်ကယ်၊ မော်တော်ကားများနှင့် တစ်လမ်းမောင်း အဖြစ် သတ်မှတ်ထားသော ချစ်ကြည်ရေး တံတားအနီးမှ လမ်းပေါ်တွင် ကား၊ ဆိုင်ကယ်များ တာဝန်ကျ ယာဉ်ထိန်းရဲ မရှိလျှင် စည်းကမ်းမဲ့ ၀င်/ထွက် သွားလာမှုများနှင့် တံတားအား သုတ်ထားသော ဆေးများ ပျက်ယွင်းနေကာ အမြင်မသင့်တော်သည်များကို တွေ့ရှိရသည်။
“ချစ်ကြည်ရေးတံတားပေါ်မှာ ဈေးရောင်းတဲ့သူတွေလဲ စည်းကမ်းမရှိဘူး၊ လမ်းသွားလမ်းလာတွေကို အနှောင့်အယှက်ဖြစ်စေတယ်”ဟု တာချီလိတ်မြို့ခံ ရှမ်းတိုင်းရင်းသားတစ်ဦးမှပြောသည်။
ချစ်ကြည်ရေးတံတားပေါ်တွင် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား ပလက်ဖောင်း မျဉ်းနီတားထားသော်လည်း စည်းကမ်းမဲ့စွာ ရပ်ထားကြောင်းနှင့် နှစ်နိုင်ငံ နိုင်ငံတကာခရီးသွားများ သွားလာနေသည့် ချစ်ကြည်ရေးတံတားဖြစ်သည့်အတွက် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်စရာဖြစ်ကြောင်း မြန်မာလူမျိုးတွေ စည်းကမ်းမရှိဟု နိုင်ငံခြားသားများ ထင်သွားစေနိုင်ကြောင်းနှင့် တာဝန်ရှိသူများ တင်းတင်းကြပ်ကြပ် ကိုင်တွယ်စေလိုကြောင်း ဒေသခံများမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာကြသည်။
“ထိုင်းနိုင်ငံကို ၀င်သွားတာနဲ့ ဆိုင်ကယ်စက်ရပ်ပြီး တွန်းသွားရတယ်၊ ကျွန်တော်တို့နိုင်ငံဝင်လာရင် လာချင်သလိုလာပြီး တံတားကူးစာအုပ်တွေဆိုရင် ပစ်ပေးသွားတာ တွေရှိတယ်၊ ကျွန်တော်တို့ နိုင်ငံသားတွေ သူများနိုင်ငံရောက်ရင် စည်းကမ်းရှိပြီး ကိုယ့်နိုင်ငံကိုယ် ပြန်လာရင် စည်းကမ်းပျက်ကုန် တော့တာဘဲ သူတို့ဥပဒေတော့ လေးစားပြီး ကိုယ့်ဥပဒေကျတော့ မလေးစားတာလား မသိဘူး”ဟု တံတားပေါ်မှ တာဝန်ကျတစ်ဦးမှ ပြောသည်။
ပွင့်လင်းရာသီနှင့် ခရီးသွားကာလ ဖြစ်သည့်အတွက် နှစ်နိုင်ငံ ကူးသန်းသွားလာမှု ပိုမိုပြားလာခြင်းကြောင့် အများပြည်သူများ စည်းကမ်းရှိစေရန်နှင့်  မြန်မာ - ထိုင်း - လာအို နယ်စပ်ဒေသမြို့ဖြစ်ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ ကမ္ဘာလှည့်နိုင်ငံခြားသားများ လူမျိုးအစုံအလင် လာရောက်လေ့ရှိသည့် နယ်စပ်ဒေသမြို့လေးတစ်မြို့ဖြစ်သည်နှင့်အညီ ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်တွင် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် ထောက်ပြစရာဖြစ်နေသည့်  အကျည်းတန်မြင်ကွင်းများအား ပြုပြင်ပေးစေလိုကြောင်း ဒေသခံများမှ တာချီလိတ်အွန်လိုင်းအား ပြောလာသဖြင့် ဖေါ်ပြလိုက်ပါသည်။
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~