တာချီလိတ်မြို့ ရေပေးဝေ ဖြန့်ဖြူးရေး လုပ်ငန်းအား ဟိန်းလင်းစံ ကုမ္ပဏီမှ ကျပ်သိန်းပေါင်း (၇၈၀၀၀)ကျော်ဖြင့် ရင်းနှီးမြှုပ်နှံ

တာချီလိတ်မြို့ ရေပေးဝေ ဖြန့်ဖြူးရေး လုပ်ငန်းအား ဟိန်းလင်းစံ ကုမ္ပဏီမှ ကျပ်သိန်းပေါင်း (၇၈၀၀၀)ကျော်ဖြင့် ရင်းနှီးမြှုပ်နှံ
ဖေဖော်ဝါရီ 4, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဟိန်းလင်းစံကုမ္ပဏီလီမိတက်မှ တည်ဆောက်လျက်ရှိပြီး ဘတ်သန်းပေါင်း(၂၅၀) (ကျပ်သိန်းပေါင်း (၇၈၀၀၀)ကျော်) ခန့်ကုန်ကျမည့် မြို့ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်း အကောင်အထည် ဖေါ်ရန် (ရေသန့်စင် အဆောက်အဦ) လုပ်ငန်း ပန္နက်တင်ခြင်းနှင့် မြေသန့် မင်္ဂလာ အခမ်းအနားအား လွယ်တော်ခမ်း ကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ (၃)ရက်နေ့က နံနက်ပိုင်းက ကျင်းပကြသည်။

“ဒီစီမံကိန်းဟာ တာချီလိတ်မြို့ တစ်မြို့လုံးကို ရေကောင်းရေသန့်ရရှိအောင် (World Health Organization) WHO သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမယ့် ရေရရှိအောင် ပေးဝေမယ့် စီမံကိန်းဖြစ်တယ်၊ Distribute Meter Area (DMA System)နဲ့ ဖြန့်ဖြူးမှာဖြစ်တယ်”ဟု မြန်မာအင်ဂျင်နီယာအသင်း (Water Supply& Sanitation)မှ National Counterpart (CQHP) တာချီလိတ်မြို့ ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းအတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဌေးမှပြောသည်။

ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းလုပ်ငန်းအတွက် ရေသန့်စင် အဆောက်အဦ (Water Treatment Plant) အား တာချီလိတ်မြို့မှ (၆.၆)ကီလိုမီတာ အကွာတွင် တည်ဆောက်မည်ဖြစ်ပြီး (၆၃၀)မီလီမီတာ ပိုက် (Clear Water Pipeline)ဖြင့် မြို့တွင်းသို့ ရေသွယ်ယူမည်ဖြစ်ကြောင်းသိသည်။

ရေသွယ်ယူမည့် “ဆည်”အား မယ်ဆိုင်နွဲ့ချောင်းပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရေသန့်စင် အဆောက်အဦနှင့် (၈)ကီလိုမီတာတွင် တည်ဆောက်မည် ဖြစ်ကာ (၆၃၀)မီလီမီတာ ပိုက် (Raw Water Pipeline)ဖြင့် သွယ်ယူမည်ဖြစ်ကြောင်း စီမံကိန်း တာဝန်ခံထံမှသိရသည်။

“တာချီလိတ်မြို့မှာ  သန့်ရှင်းတဲ့ရေ ရရှိဖို့ အခက်အခဲဖြစ်နေတဲ့ ကိစ္စတွေကို ပြေလည်စေချင်လို့ တည်ဆောက်တာပါ”ဟု ဟိန်းလင်းစံကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးလောတာမှပြောသည်။

တာချီလိတ်မြို့သို့ ပထမအဆင့် အနေနှင့် တစ်နေ့ ရေဂါလံ (၂.၂)သန်းခန့်အား လူဦးရေ (၁၃၀၀၀)ဦးခန့်အား ပေးဝေနိုင်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်း ရည်ရွယ်ထားကြောင်းနှင့် နောက်ပိုင်း ကာလများတွင် တစ်နေ့လျှင် ရေဂါလံ (၆.၆)သန်းခန့် ပေးဝေနိုင်ရန် စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ရေသန့်စင်အဆောက်အဦတွင် ရေသန့်စင်မှုအား အဆင့်ဆင့်ပြုလုပ်ကာ သုံးစွဲသူများထံ ရေမီတာတပ်ဆင်၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်းနှင့် စီမံကိန်းအား  ရေသန့်စင်ရန် ရေတင်ခြင်းအား လျှပ်စစ်မီး အသုံးပြုခြင်း မဟုတ်ဘဲ Gravity Flow System(ကမ္ဘာမြေဆွဲငင်အားကို အသုံးပြု၍ ရေစီးဆင်းမှုပုံစံ) ဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း ရေသန့်စင်ရာတွင် လိုအပ်သည့် လျှပ်စစ်အား စီမံကိန်းအတွင်း၌သာ ရရှိအောင် စီစဉ်ထားကြောင်း၊ ရေပိုက်သွယ်တန်းမှုနှင့် တပ်ဆင်မှုအား စီမံကိန်းမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  စီမံကိန်း အင်ဂျင်နီယာထံမှ သိရသည်။

လူသားအားလုံး၏ ပင်မ လိုအပ်ချက်ဖြစ်သော ရေအရင်းအမြစ်အား ပျက်စီးဆုံးရှုံးမှု မရှိစေရန် သဘာဝ ရေအရင်းအမြစ်ကို သဘာဝနည်းစနစ်ဖြင့် ရေဖြန့်ဖြူးပေးဝေရေးအား တည်ဆောက်ထားကြောင်း၊ နောင်အနာဂတ် နှစ်(၃၀)အား ရည်မှန်း၍ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန် နှင့် မြို့ပေါ်လူထုများ သန့်စင်သောရေရရှိမှု ခက်ခဲမှုမရှိစေရန် ရည်ရွယ်၍ တည်ဆောက်ထားခြင်း ဖြစ်ကြောင်းနှင့် တာချီလိတ်မြို့ပေါ် ရပ်ကွက် (၁၁)ရပ်ကွက်အား ပေးဝေနိုင်မည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

ရေဝေ ရေလဲ ဧရိယာ ဧက(၇၀၀၀)ကျော်အား ရေအရင်းအမြစ် ပျက်စီးဆုံးရှုံးမှု မရှိစေရန်နှင့် ထိမ်းသိမ်းနိုင်ရန် အတွက် ဒေသခံများအား အသိပညာပေးမှုများ ပြုလုပ်လျှက်ရှိကြောင်းနှင့် ရေပေးဝေရန် အသုံးပြုသည့် မယ်ဆိုင်နွဲ့ရေချောင်းမှာ ဖလဲတောင်မှ အခြေခံ စီးဆင်းမှုဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့တို့အား နယ်စပ်မျဉ်းအဖြစ်ပိုင်းခြားထားသော ချောင်းဖြစ်ကြောင်းနှင့် မယ်ခေါင်မြစ် အတွင်းသို့ စီးဝင်သွားခြင်းဖြစ်ကြောင်း သိရသည်။

(Water Treatment Plant)ရေသန့်စင် အဆောက်အဦ (ပန္နက်တင်ခြင်းနှင့် မြေသန့်မင်္ဂလာ အခမ်းအနားအား ကျိုင်းတုံမြို့၊ နိုင်ငံအေးစေတီကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇ၀နမှ မြေသန့်ကမ္မာဝါရွတ်ဖတ်ခြင်းနှင့် ကြွရောက်လာသော တာချီလိတ် စစ်ဗျူဟာ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးနှင့် တာချီလိတ်ခရိုင်အုပ်ချုပ် ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း နှင့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း တို့မှ ပန္နက်တင်မင်္ဂလာပြုခဲ့ပြီး ကြွရောက်လာ သော သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့ ရေပေးဝေ ဖြန့်ဖြူးရေး လုပ်ငန်းအား ကျပ်သိန်းပေါင်း..

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~