၂၀၁၅ ရွေးကောက်ပွဲ ကာလအတွင်း အကြမ်းဖက်မှုများကို ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့များအား သင်တန်းပို့ချမှု တာချီလိတ်၌ ပြီးစီး

၂၀၁၅ ရွေးကောက်ပွဲ ကာလအတွင်း အကြမ်းဖက်မှုများကို ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့များအား သင်တန်းပို့ချမှု တာချီလိတ်၌ ပြီးစီး
မတ် 26, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် မတ်လ (၂၃)ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး (ဆင့်ပွား)သင်တန်းနှင့် ပတ်သက်၍ သင်တန်းဆင်းပွဲကို ယနေ့ ၂၀၁၅ခုနှစ် မတ်လ(၂၆)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် ပတ်သက်၍ အထူးတလည် ဆွေးနွေးတင်ပြသွားခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်၊ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦး နှင့် မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်တို့မှ ရွေးကောက်ပွဲ အကြိုကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ ဆောင်ရွက်သင့်သည့် အစီအမံများ၊ အဓိက လိုအပ်ချက်နှင့် ဖြည့်စွက်တင်ပြချက်များအပြင် သတင်းမီဒီယာအခန်းကဏ္ဍ စသည်တို့ကို ဖတ်ပြရှင်းလင်းသွားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင် အပါအ၀င် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများမှ ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြသည်။

ယင်းသင်တန်းဆင်းပွဲတွင် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများက ရွေးကောက်ပွဲ အကြိုကာလတွင် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပါတီတစ်ခုနှင့် တစ်ခု ဥပဒေနှင့် မညီသော မဲဆွယ်စည်းရုံးမှုများ ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး ကော်မရှင်များအား နိုင်ငံရေးပါတီများမှ အယုံအကြည်မရှိ ကန့်ကွက်ဆန္ဒပြမှုများ၊ သတင်းမီဒီယာများ အနေဖြင့် နိုင်ငံရေး ပါတီများအပေါ် ဘက်လိုက်ရေးသားမှုများ၊ သံဃာတော်များသည် ဆန္ဒမဲပေးခွင့် ရှိသူများ မဟုတ်ကြသည့်အတွက် ၎င်းတို့နှင့် အကျွမ်းဝင် ပတ်သက်သူများအား ၎င်းတို့ ဆန္ဒရှိသည့် ပါတီများကို မဲထည့်စေလိုသော သဘောဖြင့် တရားပွဲများ ကျင်းပ၍ မဲဆွယ်မှုများ၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်း၊ လုံခြုံရေးများအပေါ် အနှောက်အယှက် ပေးလာနိုင်ခြင်း နှင့် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလတွင် ပါတီတစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခများ ဖြစ်ပွားလာနိုင်ခြင်း စသည့် အကြိုကာလအတွင်း ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ဖတ်ကြား ဆွေးနွေးသွားခဲ့သည်။

တဆက်တည်းမှာပင် ၎င်းတို့မှ ဖြစ်ပေါ်လာသည့် အခြေအနေများပေါ် မူတည်၍ ဆောင်ရွက်သင့်သည့် အစီအမံများ၊ အဓိက လိုအပ်ချက်များကို ရှင်းလင်းခဲ့ကြပြီး ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ ဆောင်ရွက်သင့်သည့် အစီအမံများ နှင့် ရွေးကောက်ပွဲ ပြီးစီးချိန် ကာလတွင် ဖြစ်ပေါ်လာမည့် အခြေအနေများ စသည်တို့ကို ဖတ်ကြား ဆွေးနွေးရှင်းလင်းခဲ့ကြသည်။
တာချီလိတ်ခရိုင်သည့် တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်နေပြီး ငြိမ်းချမ်းရေး အထူးဒေသ(၂)၊ အထူးဒေသ(၄)တို့နှင့် ဆက်စပ်လျက်ရှိသည့် အတွက် ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် ရပ်ကျေးမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖ၊ မြို့မိမြို့ဖများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ NGO အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တက်ရောက်လာသူများမှ ဆွေးနွေးသွားခဲ့ကြသည်။

၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အကြမ်းဖက်မှုများနှင့် သက်ဆိုင်သည့် ကြိုတင် ကာကွယ်ရေးအပြင် ရွေးကောက်ပွဲအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး (ဆင့်ပွား)သင်တန်းကို တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်းမှ ဦးဆောင်ပို့ချရာ ခရိုင်ရဲတပ်ဖွဲ့ရုံးမှ အရာရှိ(၁၁)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး (၂)ဦးနှင့် စခန်းမှူး(၇)ဦးတို့ ပါဝင်ရာ စုစုပေါင်း(၂၀)ဦးမှ သင်တန်းတက်ရောက်ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ကြော်ငြာ ~~~~~~~